မွန်ပြည်နယ်ဝန်ကြီးချုပ် (၃၆)နှစ်မြောက်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန နှစ်ပတ်လည်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စုပေါင်းလုပ်အားဒါနပြုခြင်းများဆောင်ရွက်နေမှုအား ကြည့်ရှုအားပေး

မော်လမြိုင်  အောက်တိုဘာ   ၂၆

(၃၆)နှစ်မြောက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန နှစ်ပတ်လည်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပြည်နယ်၊ ခရိုင်နှင့်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများစုပေါင်းကာ ယနေ့နံနက် ၇ နာရီအချိန်က မော်လမြိုင်မြို့ တောင်ရိုးတန်းလမ်းရှိ လောကသရဖူဘုရားနှင့် လောကထိပ်ခေါင်ဘုရားဝန်းအတွင်း၌အများ ပြည်သူတို့ စိတ်အေးချမ်းသာစွာ လာရောက်ဖူးမြော်နိုင်ရေး စုပေါင်းလုပ်အားဒါနပြု သန့်ရှင်းရေးလုပ်ငန်းများ ပြုလုပ်ခဲ့ကြသည်။

စုပေါင်းလုပ်အားဒါနပြုလုပ်ရာတွင် ပြည်နယ်၊ ခရိုင်နှင့်မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ အရာရှိနှင့် အခြားအဆင့်ဝန်ထမ်းများ၊  ရဲတပ်ဖွဲ့ဝင်များ၊ သန္ဓေနှင့်အရန် မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများက စေတီတော်မြတ်ကြီး ရင်ပြင်တော်သန့်ရှင်းရေး အညစ်အကြေးများ တိုက်ချွတ်ဆေးကြောခြင်း၊ တံမြက်စည်းလှည်းခြင်း၊ အရံစေတီများနှင့် အာရုံခံဝတ်များရှိ ရုပ်ပွားတော်များ ရောင်တော်ဖွင့်ခြင်း၊ ပန်း၊ ရေချမ်း၊ ဆီမီးများ ကပ်လှူ‌ပူဇော်ခြင်းစသည့် စေတီတော်မြတ်ကြီးအား သန့်ရှင်းသပ္ပါယ်ကြည်ညိုစွာဖြင့် အဖူးမြော်ခံနိုင်ရေး စည်းလုံးညီညွတ်စွာဖြင့် စုပေါင်းလုပ်အားဒါန ပြုလုပ်ခဲ့ ကြသည်။

စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ရာသို့ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ တာဝန်ရှိသူများက လာရောက်ကြည့်ရှုအားပေးကာ လိုအပ်သည်များကို ကူညီပံ့ပိုးဆောင်ရွက်ပေးခဲ့ကြသည်။

အလားတူ ပြည်နယ် /ခရိုင်/ မြို့နယ် ဌာနဆိုင်ရာဝန်ထမ်းများ၊ YMBA အသင်းဝင်များ၊ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ၊ ရပ်ကွက်(၁၀)ရပ်ကွက်မှအုပ်ချုပ်ရေးမှူးနှင့်အုပ်ချုပ်ရေးရုံးအဖွဲ့ဝင်များ၊ ဆရာ/ဆရာမများ၊ ကျောင်းသားကျောင်းသူများက တောင်ရိုးတန်းလမ်း တစ်လျှောက်ရှိ သစ်ပင်ခြုံနွယ်များ အမှိုက်သရိုက်များအား စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုအား မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ အတွင်းရေးမှူးနှင့်အဖွဲ့ဝင်များ၊ တာဝန်ရှိသူများက လာရောက်ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရှိရသည်။

ခင်စန်းမြင့်ပြန်/ဆက်