ပေါင် အောက်တိုဘာ ၂၆
မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူမှု ရာနှုန်းပြည့်ပြီးစီးပြီဖြစ်ကြောင်း မြို့နယ်သန်းခေါင်းစာရင်းကော်မတီထံမှ သိရသည်။
ပေါင်မြို့နယ်တွင် သမားရိုးကျအိမ်ထောင်စုကောက်ကွက် (၄၂၆) ကွက်၊ အဖွဲ့အစည်းကောက်ကွက် (၃) ကွက်၊ စုစုပေါင်းကောက်ကွက် (၄၂၉) ကွက်ရှိ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်း ဆောင်ရွက်လျက်ရှိရာ အောက်တိုဘာ ၁ ရက်နေ့မှ အောက်တိုဘာ ၂၄ ရက်နေ့အထိ ရာနှုန်းပြည့် ကောက်ယူပြီးစီးပြီဖြစ်သည်။
လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရာတွင် အောက်တိုဘာ ၂၄ ရက်က ပေါင်မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများတွင် စာရင်းစစ်၊ စာရင်းကောက် အဖွဲ့ စုစုပေါင်း ၁၅၂ ဦးတို့က Mobile Tablet များအသုံးပြု၍ တစ်အိမ်တက်ဆင်းစနစ်ဖြင့် ကောက်ယူခဲ့သည်။
စာရင်းစစ်၊ စာရင်းကောက်များ၏ သန်းခေါင်စာရင်းကွင်းဆင်းကောက်ယူနေမှုတို့အား သထုံခရိုင်နှင့် မြို့နယ်သန်းခေါင်စာရင်းကောက်ယူရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက လိုက်ပါကြီးကြပ်ကြည့်ရှုဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မွန်မလေး (ပြန်/ဆက်)