တိုက်ကြီး နိုဝင်ဘာ ၂၄
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ တိုက်ကြီးမြို့နယ်အတွင်းရှိ ကိုဗစ်-၁၉ စောင့်ကြည့်ရေး စင်တာများတွင် Quarantine ဝင်နေသူများထံမှ ယမန်နေ့က ကိုဗစ်-၁၉ ရောဂါအတည် ပြုလူနာများ ထပ်မံတွေ့ရှိခဲ့ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ သိရသည်။
တိုက်ကြီးမြို့နယ်အတွင်း ဖွင့်လှစ်ထားသော ကိုဗစ်-၁၉ စောင့်ကြည့်ရေးစင်တာများတွင် စပါးကိုင်း ကျေးရွာမှ Quarantine ဝင်နေသူ (၄)ဦး၊ ရှမ်းစုရပ်ကွက် အခြေခံပညာအထက်တန်းကျောင်းခွဲ မြို့မ (၃)မှ Quarantine ဝင်နေသူ (၄)ဦး၊ အခြေခံပညာအထက်တန်းကျောင်း(တိုက်ကြီး)မှ Quarantine ဝင်နေသူ (၂)ဦး၊ တိုက်ကြီးမြို့နယ် ပြည်သူ့ဆေးရုံတွင် အနံ့ပျောက်၍ ဆေးကုသမှုခံယူသူ (၇)ဦးနှင့် ဥက္ကံတိုက်နယ်ဆေးရုံတွင် အနံ့ပျောက်၍ ဆေးကုသမှုခံယူသူ (၂)ဦး စုစုပေါင်း (၁၉)ဦးတို့တွင် ကိုဗစ်-၁၉ ရောဂါပိုး ထပ်မံတွေ့ရှိခဲ့ပြီး အဆိုပါ ပိုးတွေ့လူနာ(၁၉)ဦးအား ဒဂုံဆိပ်ကမ်းမြို့နယ် ရိုးမယာယီ ဆေးရုံ(၁)သို့ ဆေးကုသမှုခံယူနိုင်ရေးအတွက် ကိုဗစ်ကျန်းမာရေးစင်တာ (ဖောင်ကြီး) လူနာပို့ ဆောင်ရေးယာဉ် SCANIA BUS ဖြင့် ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
တိုက်ကြီးမြို့နယ်တွင် နိုဝင်ဘာလ ၂၃ ရက်နေ့အထိ ကိုဗစ်-၁၉ ဓါတ်ခွဲအတည်ပြုလူနာ (၂၃၂)ဦး ရှိပြီး သေဆုံးသူ (၆)ဦးရှိကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
စန်းကလျာခိုင်(ပြန်/ဆက်)