မြစ်သားမြို့နယ်တွင် ဝါသီးနှံပန်းတိုင်အထွက်နှုန်းရရှိရေး ပံ့ပိုးပစ္စည်းထောက်ပံ့ပေးအပ်ပွဲနှင့် ကွင်းသရုပ်ပြပွဲ ကျင်းပ

မြစ်သား အောက်တိုဘာ ၂၆

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် ဝါသီးနှံပန်းတိုင်အထွက်နှုန်းရရှိရေး ပံ့ပိုးပစ္စည်းထောက်ပံ့ပေးအပ်ပွဲနှင့် ကွင်းသရုပ်ပြပွဲကို ယမန်နေ့မွန်းလွဲပိုင်းက ရွာခိုင်ကြီးကျေးရွာအုပ်စု၊ ထားဝယ်အင်းကျေးရွာ ကွင်းအမှတ်(၆၄၃)၊ ဦးပိုင်အမှတ်(၂၉) တောင်သူ ဦးလှညွှန့်၏ ဝါစိုက်ခင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ပံ့ပိုးပစ္စည်းထောက်ပံ့ပေးအပ်ခြင်းနှင့်ကွင်းသရုပ်ပြပွဲ ကျင်းပပြုလုပ်ရခြင်း ရည်ရွယ်ချက်များဖြစ်သည့် ဝါဂွမ်းနှင့်ချည်ထည်ထွက်ပစ္စည်းများကို နိုင်ငံခြားမှ မှာယူတင်သွင်းနေရခြင်းအား လျော့နည်းစေရန်၊ တောင်သူလယ်သမားများ ချည်မျှင်ရှည်ဝါ မျိုးစေ့ထုတ်လုပ်ငန်းကို  စိုက်ပျိုးထုတ်လုပ်တတ်စေခြင်းဖြင့် ဝါစိုက်တောင်သူများ မျိုးကောင်းမျိုးသန့်ကျယ်ကျယ်ပြန့်ပြန့် စိုက်ပျိုးထုတ်လုပ်နိုင်ပြီး ပန်းတိုင်အထွက်နှုန်း ရရှိရေးကို ရည်ရွယ်၍ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မိုး / မိုးနှောင်း ချည်မျှင်ရှည်ဝါ (B 31) မျိုးစေ့၊ ပိုးသတ်ဆေး၊ ရွက်ဖျန်းသဘာဝမြေဩဇာ၊ gypsum မြေဩဇာများအား ရွာခိုင်ကြီးအရှေ့တန်းစခန်းနှင့် မိုင်းမောရှေ့တန်းစခန်းနယ်မြေရှိ ကျေးရွာအုပ်စု (၃) အုပ်စုမှ ဝါသီးနှံ (B 31) (၅၃၃) ဧက စိုက်ပျိုးသော ဒေသခံဝါစိုက်တောင်သူများ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကာ ကွင်းသရုပ်ပြပွဲကို ဆောင်ရွက်ခဲ့သည်။ ဆက်လက်၍ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးစိုးမင်းနိုင်က တောင်သူများအနေဖြင့် မျိုးကောင်းမျိုးသန့်များ ကျယ်ကျယ်ပြန့်ပြန့် စိုက်ပျိုးနိုင်ရန် ဝါမျိုးကောင်းမျိုးသန့်များ ကောင်းမွန်လာကာ ဝါအထွက်နှုန်းများတိုးလာပြီး အမြတ်အစွန်းများရရှိကာ တောင်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း အသိပညာပေး ဆွေးနွေးပြောကြားသည်။

ပံ့ပိုးပစ္စည်းထောက်ပံ့ပေးအပ်ပွဲနှင့် ကွင်းသရုပ်ပြပွဲသို့ ကျောက်ဆည်ခရိုင် စိုက်ပျိုးရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးချစ်ဆွေဦးနှင့် ခရိုင်စိုက်ပျိုးရေးညှိနှိုင်းမှုအဖွဲ့၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးဇော်မင်းနှင့် မြို့နယ်စိုက်ပျိုးရေးညှိနှိုင်းမှုအဖွဲ့၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးစိုးမင်းနိုင် နှင့်ဝန်ထမ်းများ ရွာခိုင်ကြီးအရှေ့တန်းစခန်းနှင့် မိုင်းမောရှေ့တန်းစခန်းနယ်မြေတို့မှ ဒေသခံဝါစိုက်တောင်သူ (၁၂၀) ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။

သီတာအောင်(မြစ်သား)