လယ်ဝေး အောက်တိုဘာ ၂၆
ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် လူငယ်များစာပေဖတ်ရှုမှုတိုးတက်မြင့်မားလာစေရန်အတွက် စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်ရေးရာအသိပညာပေးဟောပြောပွဲနှင့် ပြပွဲများကို ယမန်နေ့ကကျင်းပခဲ့သည်။
ရှေးဦးစွာ သော်မှော်ကုန်းကျေးရွာ၊ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)တွင် အသိပညာပေးဟောပြောပွဲနှင့် ပြပွဲကျင်းပရာ လယ်ဝေးမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးဒေါ်ဝေကြည်စန်းအောင်က လူငယ်များစာဖတ်ရှိန်မြှင့်တင်ရေးအတွက် လူငယ်နှင့်စာဖတ်ခြင်းခေါင်းစဥ်ဖြင့် အသိပညာပေးဟောပြောကာ ကျောင်းအုပ်ဆရာကြီးဦးငွေစိုးက ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့သည်။
ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသည့် စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်ရေးရာအသိပညာပေးနံရံကပ်စာစောင်အား ကျောင်းသားကျောင်းသူလူငယ်လေးများကစိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့သည်။
ထို့အတူ မွန်းလွဲ ၁ နာရီက သာဝတ္ထိ၊ အင်းသာ၊ အခြေခံပညာအထက်တန်းကျောင်းခွဲတွင် စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်ရေးရာအသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲဆက်လက်ကျင်းပခဲ့ကြောင်း သိရသည်။
အိအိငြိမ်းဖြူ(ပြန်/ဆက်)