မွန်ပြည်နယ် ဝန်ကြီးချုပ်(၂၅)ကြိမ် မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ဗဟိုအဆင့် ပြိုင်ပွဲတွင် မွန်ပြည်နယ် ကိုယ်စား ပြုပါဝင်ယှဉ်ပြိုင်ခဲ့သည့်အောင်ပွဲ ရယှဉ်ပြိုင်သူများအား ကြိုဆိုဂုဏ်ပြု

မော်လမြိုင် အောက်တိုဘာ ၂၆

၂၀၂၄ ခုနှစ်၊ (၂၅)ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ဗဟိုအဆင့် ပြိုင်ပွဲနှင့်မဟာဇနကဇာတ်တော်ကြီးပြိုင်ပွဲများတွင် ဆုရရှိခဲ့ကြသည့် ပြိုင်ပွဲဝင်များ၊ အုပ်ချုပ်သူအဖွဲ့သားများအား အောက်တိုဘာလ ၂၄ ရက်နေ့၊ ညနေပိုင်းက သံလွင်တံတား (မော်လမြိုင်) တွင် မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တာဝန်ရှိသူများ၊ ကျောင်းသူ၊ ကျောင်းသား၊ မွန်ပြည်နယ်သူ၊ ပြည်နယ်သားများက အောင်သပြေခက်နှင့် ဂုဏ်ပြုပန်းခြင်းများဖြင့် လှိုက်လှဲ ဝမ်းမြောက်စွာ သောင်းသောင်းဖြဖြ ဂုဏ်ပြုကြိုဆိုခဲ့ကြသည်။

ဆက်လက်ပြီး (၂၅)ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ဗဟိုအဆင့် ပြိုင်ပွဲတွင် မွန်ပြည်နယ်ကိုယ်စားပြု ပါဝင်ယှဉ်ပြိုင်ခဲ့သည့် အောင်ပွဲရ ယှဉ်ပြိုင်သူများအား ကြိုဆိုဂုဏ်ပြုခြင်းအခမ်းအနားကို မော်လမြိုင်မြို့၊ ပြည်နယ်ခန်းမ၌ ဆက်လက်ကျင်းပပြုလုပ်ခဲ့ရာ ပြည်နယ်ဝန်ကြီးချုပ်က မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ဗဟိုအဆင့်ပြိုင်ပွဲများနှင့် မဟာဇနက ဇာတ်တော်ကြီး ပြိုင်ပွဲတွင် ပထမဆု (ရွှေတံဆိပ်ဆု)များ ရရှိသည့်အတွက် အထူးဝမ်းမြောက်ဂုဏ်ယူမိပါကြောင်း၊ အနုပညာ အရည်အချင်းများဖြင့် ကြိုးစားအားထုတ် ယှဉ်ပြိုင် ခဲ့ကြ၍ ရွှေတံဆိပ်ဆု (၁၈) ခု၊ ငွေတံဆိပ်ဆု (၆) ခု၊ ကြေးတံဆိပ် ဆု (၁၁) ခုနှင့် အထူးဆု (၂) ဆု ရရှိခဲ့ကာ တိုင်းဒေသကြီး၊ပြည်နယ်အဆင့်တွင် အဆင့်(၄) ရရှိခဲ့သည့် အတွက် ပြည်နယ်အတွက် ဂုဏ်ဆောင်စွာထိုက်ထိုက်တန်တန် ရရှိခဲ့ခြင်းဖြစ်ကြောင်း၊ ပြိုင်ပွဲဝင် များအနေဖြင့် နောင်နှစ်ပြိုင်ပွဲများမှာလည်း မိမိတို့၏ အနုသုခုမ ပညာရပ်များကို အစွမ်းကုန် ထုတ်ဖော်ပြသဝင်ရောက်ယှဉ်ပြိုင်ခြင်းဖြင့် ပြည်နယ်၏ ဂုဏ်ကို ဆက်လက်မြှင့်တင် စွမ်းဆောင်ပေးကြပါရန် တိုက်တွန်းလိုပါကြောင်း ဂုဏ်ပြုအမှာစကား ပြောကြားခဲ့သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က (၂၅)ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ဗဟိုအဆင့် ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည့် ပြိုင်ပွဲဝင်များအား ရင်းရင်းနှီးနှီး ဂုဏ်ပြုအားပေး နှုတ်ဆက်ခဲ့ကြောင်း သိရသည်။

ခင်စန်းမြင့်(ပြန်/ဆက်)