နေပြည်တော် အောက်တိုဘာ ၂၆
၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ ပြည်ထောင်စုတိုင်းရင်းသား လူမျိုးများဖွံ့ဖြိုးရေးတက္ကသိုလ် (စစ်ကိုင်း)နှင့် ပြည်ထောင်စုတိုင်းရင်းသားလူငယ်များစွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ် (ရန်ကုန်၊ စစ်ကိုင်း) ဝင်ခွင့်ရ ကျောင်းသား/ကျောင်းသူများအား တွေ့ဆုံအားပေး ထောက်ပံ့ငွေပေးအပ်ခြင်း အခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ(၁)၌ ကျင်းပခဲ့သည်။
အခမ်းအနားသို့ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော် စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန်၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဝင်ခွင့်ရ ကျောင်းသား/ ကျောင်းသူများ တက်ရောက်ကြသည်။
ဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက အဖွင့်အမှာစကားရာတွင် ပြည်ထောင်စု တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ်နှင့် ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည် ဖွံ့ဖြိုးရေး ဒီဂရီကောလိပ်တို့တွင် သင်တန်းတက်ရောက်ခွင့်ရရှိသည့် သင်တန်းသား/သင်တန်းသူများ အနေဖြင့် ကျောင်း မှ ချမှတ်ထားသည့် သင်တန်းစည်းကမ်းများကို ခံယူကျင့်သုံးလိုက်နာဖို့လိုအပ်ကြောင်း၊ စာပေကို ဇွဲလုံးလ ဝီရိယဖြင့် ကြိုးစားသင်ယူဖို့လိုကြောင်း၊ ဘက်စုံထူးချွန်သူများဖြစ်အောင် ဗလငါးတန်နှင့်ပြည့်စုံသူများဖြစ်အောင် အမြဲမပြတ်ကြိုးစားလေ့လာသင်ယူဖို့လိုပါကြောင်း၊ သင်တန်းပြီးမြောက် အောင်မြင်ပြီး မိမိတာဝန် ကျရာဒေသများတွင် တာဝန်ထမ်းဆောင်ရာတွင် အတုယူစရာ စံပြအဖြစ် ကိုယ်ကျင့်တရား ကောင်းမွန်စေရေးနှင့် အကျင့်စာရိတ္တ၊ စိတ်ဓာတ်၊ စည်းကမ်းကောင်းမွန်ရန် အစဉ်အမြဲကြိုးစားလေ့လာ အားထုတ် ကြိုးပမ်း စေလိုကြောင်း၊ နိုင်ငံတော်နှင့်နိုင်ငံသားတို့ အားထားရသည့် အသိပညာရှင်၊ အတတ်ပညာရှင်ကောင်းများဖြစ်အောင် ကြိုးစားဆောင်ရွက်ရေးနှင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျရာအခန်းကဏ္ဍမှ အားမာန်အပြည့်ဖြင့် ကြိုးစားဆောင်ရွက်ကြရန် ပြောကြားသည်။
ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက နေပြည်တော်ကောင်စီမှ တစ်ဦးလျှင် ထောက်ပံငွေကျပ် တစ်သိန်းနှုန်းဖြင့် ပြည်ထောင်စုတိုင်းရင်းသား လူမျိုးများဖွံ့ဖြိုးရေး တက္ကသိုလ်(စစ်ကိုင်း) ဝင်ခွင့်ရ ကျောင်းသား၊ ကျောင်းသူ ငါးဦးအားလည်းကောင်း၊ နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုးက ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ် (ရန်ကုန်၊ စစ်ကိုင်း) ဝင်ခွင့်ရ ကျောင်းသား/ကျောင်းသူ နှစ်ဦးတို့အားလည်းကောင်းအသီးသီး ထောက်ပံ့ငွေပေးအပ်ကြရာ ကျောင်းသား/ ကျောင်းသူများကိုယ်စား ကျောင်းသူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်
ထွန်းထွန်းဝင်း(ပြန်/ဆက်)