ပဉ္စမအကြိမ်မြောက် အမျိုးသားအားကစားပွဲတော်သို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ရှမ်းပြည်နယ်အသင်း အောင်မြင်မှုရရှိစေရေးအတွက် ကော်မတီဝင်များနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

တောင်ကြီး အောက်တိုဘာ ၂၆

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့၌ ၂ဝ၂၄ခုနှစ်၊ ပဉ္စမအကြိမ်မြောက် အမျိုးသားအားကစားပွဲတော်သို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ရှမ်းပြည်နယ်အသင်း အောင်မြင်မှုရရှိစေရေးအတွက် ကော်မတီဝင်များနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ယမန်နေ့မွန်းလွဲ ၁ နာရီက ပြုလုပ်ခဲံသည်။

ရှေးဦးစွာ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးစိန်ဝင်းက အဖွင့်အမှာစကားပြောကြားရာတွင် ၂၀၂၄ ခုနှစ်၊ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်ကို နိုင်ငံတော်၏အားကစားအဆင့်အတန်းပိုမိုတိုးတက်မြင့်မားလာစေရန်၊ (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲနှင့် အခြားနိုင်ငံတကာပြိုင်ပွဲများတွင်ပါဝင်ယှဉ်ပြိုင် အောင်မြင်မှု ရရှိစေရန်၊နိုင်ငံ့ဂုဏ်ဆောင်နိုင်မည့်အဆင့်မီအားကစားသမားများနှင့်အလားအလာရှိသောလူငယ်မျိုး ဆက်သစ်အားကစားသမားများ ပေါ်ထွက်လာစေရန်၊ ပြည်နယ်နှင့်တိုင်းဒေသကြီးများ၊ ဝန်ကြီးဌာနများ အကြားအချင်းချင်းချစ်ကြည်ရင်းနှီးမှုရရှိပြီး အားကစားလှုပ်ရှားမှုများပိုမိုတိုးမြှင့် ဆောင်ရွက်လာနိုင်စေရန်၊ ပြည်သူတစ်ရပ်လုံးအားကစားကို ပိုမိုစိတ်ပါဝင်စားလာပြီး အားကစားလှုပ်ရှားမှုများတွင် ပါဝင်လှုပ်ရှားကစားလာစေရန် စသည့်ရည်ရွယ်ချက်များစွာဖြင့် ကျင်းပပြုလုပ်ပေးရန် နိုင်ငံတော်မှ စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်ကို ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ (၉)ရက်မှ(၂၀) ရက်နေ့အထိ နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိ Sports Complex အတွင်း ဝန်ကြီးဌာနအဆင့် အားကစားနည်း (၆)နည်းနှင့် ပြည်နယ်နှင့်တိုင်းဒေသကြီးအဆင့် အားကစားနည်း (၂၃)နည်းတို့ဖြင့် ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး ရှမ်းပြည်နယ်အနေဖြင့် အားကစားနည်းအားလုံးကို ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး ယခင်အကြိမ်များထက် ဆုတံဆိပ်များပိုမိုရရှိနိုင်ရန်နှင့် ပြည်နယ်တိုင်းအဆင့် တိုးတက်ရရှိရေး ဝိုင်းဝန်းကြိုးစားကြရမည် ဖြစ်ပါ‌‌ကြောင်း၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့အနေဖြင့်လည်း ရှမ်းပြည်နယ်အသင်း အောင်မြင်မှုရရှိရေးအတွက် လိုအပ်ချက်များနှင့် ထောက်ပံ့မှုများရရှိနိုင်ရေး အချိန်မီဖြည့်ဆည်းဆောင်ရွက်ပေးသွားမည်ဖြစ်၍ ဆပ်ကော်မတီအသီးသီးမှလည်း မိမိတို့၏ အတွေ့အကြုံဗဟုသုတများနှင့်ပေါင်းစပ်ပြီး သက်ဆိုင်ရာအားကစားနည်းများအလိုက် စခန်းသွင်းလေ့ကျင့် နေမှု အခြေအနေများကို ဝိုင်းဝန်းဆွေးနွေးပေးကြရန်လိုအပ်ပါကြောင်းပြောကြားသည်။

ထို့နောက် ၂ဝ၂၄ ခုနှစ်၊ ပဉ္စမအကြိမ်မြောက် အမျိုးသားအားကစားပွဲတော်အောင်နိုင်ရေး ကော်မတီတွဲဖက်အတွင်းရေးမှူးဦးကျော်ကျော်သိန်းကယခင်အစည်းအဝေး ဆုံးဖြတ် ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှုအခြေအနေများနှင့်ပဉ္စမအကြိမ်အမျိုးသားအားကစားပွဲတော်သို့ဝင်ရောက်ယှဉ်ပြိုင် နိုင်ရေးကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေများအား ရှင်းလင်းတင်ပြပြီး အားကစား နည်းအလိုက် ကော်မတီများမှ တာဝန်ရှိသူများက စခန်းသွင်းလေ့ကျင့်နေမှု အခြေအနေများအား ရှင်းလင်းတင်ပြကြသည်။

ရှင်းလင်းတင်ပြချက်များနှင့် စပ်လျဉ်း၍အားကစားနည်းအလိုက် အောင်နိုင်ရေးကော်မတီ ဥက္ကဋ္ဌများမှ ဖြည့်စွက်ဆွေးနွေးကြပြီး ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးက နိဂုံးချုပ်အမှာစကားပြောကြားသည်။

အစည်းအဝေးသို့ ရှမ်းပြည်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်ဥ‌ပဒေချုပ်၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး၊ အမျိုးသား အားကစားပွဲတော်အောင်နိုင်ရေးကော်မတီ၊ ဆပ်ကော်မတီအတွင်းရေးမှူးများ၊ အဖွဲ့ဝင်များ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများတက်ရောက်ကြကြောင်းနှင့် ခရိုင်အုပ်ချုပ်ရေးမှူးများက Video Conferencing ဖြင့် တက်ရောက်ကြကြောင်း သိရသည်။

ဇော်နိုင်လင်း