တောင်ကြီး အောက်တိုဘာ ၂၆
ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးနေဝင်းအောင်သည်လမ်းဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ရေတိုက်စားပျက်စီးသွားသည့် ရွှေညောင်-ရပ်စောက်-အင်တော-ကျောက်ဂူ-နောင်ချိုလမ်းတံတားအမှတ်(၂/၅၅) ဇော်ဂျီချောင်းတံတား ပြန်လည်ပြုပြင်ဆောင်ရွက်နေမှုကို ယမန်နေ့ နံနက် ၁၀ နာရီက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။
အဆိုပါ ရွှေညောင်-ရပ်စောက်-အင်တော-ကျောက်ဂူ-နောင်ချိုလမ်း တံတားအမှတ်(၂/၅၅) ဇော်ဂျီချောင်း တံတားသည် မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် လမ်းပဲကျပျက်စီးခြင်း၊ ကမ်းကပ်ခုံပျက်စီးခြင်း၊ ချဉ်းကပ်လမ်းများပျက်စီးခြင်းများဖြစ်ပေါ်ခဲ့သဖြင့် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ တံတားဦးစီးဌာန၊ တည်ဆောက်ရေးအဖွဲ့(၃)၊ တံတားအထူးအဖွဲ့(၁၂)နှင့် လမ်းဦးစီးဌာနတို့ပူးပေါင်း၍ စက်ယန္တရားများဖြင့် မြေဖို့ခြင်း၊ ကမ်းကပ်ခုံပြင်ဆင်ခြင်း၊ တံတားပြင်ဆင်ခြင်းဆောင်ရွက်နေမှုများကို ပြည်နယ်လမ်းဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးသူရဇော်က ရှင်းလင်းတင်ရာ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီးက သတ်မှတ်စံချိန်စံညွှန်းကိုက်ညီရေး၊ ယာဉ်သွားယာဉ်လာပုံမှန်ဖြစ်စေရေးအတွက်အချိန်မီပြီးစီးရေး၊ လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေးစနစ်တကျဆောင်ရွက်ရန် လမ်းညွှန်မှာကြားပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
စိုင်းသန်းကျော်(တောင်ကြီး)