မြစ်ကြီးနား အောက်တိုဘာ ၂၆
ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ဒေသတွင်း စားရေရိက္ခာဖူလုံရေးအတွက် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်မှ စတင်၍ သီးထပ်စွမ်းအား (၂၀၀)ရာခိုင်နှုန်းနှင့် ဆီဖူလုံမှု (၁၀၀) ရာခိုင်နှုန်းကျော် တိုးတက်မြှင့်မားစေရေး (၅)နှစ် စီမံကိန်းဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ယမန်နေ့မွန်းလွဲ (၁)နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး ဖုန်ကန်ရာဇီခန်းမ၌ ကျင်းပပြုလုပ်သည့် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှ သိရသည်။
အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ်က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက စိုက်ပျိုးရေးသီးနှံများ အထွက်နှုန်း တိုးတက်ရရှိရေးနှင့်ပန်းတိုင်ရည်မှန်းချက် ပြည့်မီ အောင်ဆောင်ရွက်ရေး၊ဆီထွက်သီးနှံများတိုးချဲ့စိုက်ပျိုးရေး၊ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်တွင် ပြည်ပမှ ဆီမတင်သွင်းရေး ရည်မှန်းချက်ထား၍ ဆောင်ရွက်ရန် ညွှန်ကြားထားရှိပြီးဖြစ်သည့်အပြင် ဒေသအလိုက် ဆန်စက်၊ ဆီစက်နှင့် ပဲခွဲစက်များကိုလည်း အဆင့်မြှင့်တင်/အသစ်တည်ဆောက်ခြင်းများကို မဖြစ်မနေလုပ်ဆောင်ကြရန်လည်း ပါဝင်ပါကြောင်း၊ မိမိတို့ ပြည်နယ်အနေဖြင့်လည်း ဆန်ဖူလုံမှု ရှိသော်လည်း စားသုံးဆီဖူလုံမှု မရှိသေးပါကြောင်း၊ သို့ဖြစ်ပါ၍ ရည်မှန်းချက်များ ပြည့်မီအောင်မြင် အောင် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးနှင့် ဒေသတွင်း စားသုံးဆီဖူလုံမှုရှိစေရေးတို့အတွက် မဖြစ်မနေ ကြိုးစားဆောင်ရွက်ရာတွင် စိုက်ပျိုးမြေများ တိုးချဲ့ပေးခြင်း၊ တောင်သူများထံ လိုအပ်သည့် မျိုးကောင်းမျိုးသန့်၊ မြေသြဇာ၊ စိုက်ပျိုးရေစသည့် သွင်းအားစုများ ပံ့ပိုးကူညီထောက်ပံ့ပေးရေး၊ ထို့အပြင် ဒေသတွင်းထွက်ရှိသည့် သီးနှံများအား ဒေသတွင်း ကြိတ်ခွဲဖြန့်ဖြူးနိုင်ရေးအတွက် ဆန်စက်နှင့် ဆီစက်များအား အဆင့်မြှင့်တင်ခြင်း၊ အသစ်တည်ဆောက်ခြင်းများကိုလည်း တစ်ပြိုင်တည်း ဆောင်ရွက်နိုင်ရေး ချိတ်ဆက်ပေါင်းစပ်ပေးခြင်း၊ ကူညီလမ်းညွှန်ပေးခြင်းတို့ကို စနစ်တကျ စီမံချက်ရေးဆွဲ ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ သို့ဖြစ်ပါ၍ ဒေသတွင်းသီးနှံစိုက်စွမ်းအား တိုးတက်မြှင့်မား လာရေး၊ စားသုံးဆီဖူလုံမှုရာခိုင်နှုန်း ပြည့်မီကျော်လွန်လာစေရေး ဝိုင်းဝန်းကြိုးစားဆောင်ရွက်ကြရမည်ဖြစ်ကြောင်း တိုက်တွန်းမှာကြားသည်။
ထို့နောက် ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးဌေးလွင်က ပြည်နယ်အတွင်း စားသုံးဆီဖူလုံမှု (၁၀၀)ရာခိုင်နှုန်း တိုးတက်မြှင့်မားလာစေရေးအတွက် ဆီထွက်သီးနှံ နေကြာ၊ မြေပဲ၊ ဆီမုန်ညှင်း၊ ပဲပုပ်၊ ပန်းနှမ်းစသည့် သီးနှံများ နှစ်အလိုက် အကောင်အထည်ဖော်ဆောင်ရွက်သွားမည့် လုပ်ငန်းအစီအမံများနှင့် ဓာတ်မြေသြဇာ၊ မျိုးစေ့ လိုအပ်ချက်များကိုလည်းကောင်း၊ တက်ရောက်လာကြသည့် ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများက သီးနှံစိုက်စွမ်းအား တိုးတက်မြင့်မားရေး နှင့် စားသုံးဆီဖူလုံရေးအတွက် အကောင်အထည်ဖော် ပူးပေါင်းချိတ်ဆက်ဆောင်ရွက်ရမည့် လုပ်ငန်း အစီအစဉ်များကိုလည်းကောင်း၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများက သက်ဆိုင်ရာခရိုင်များအတွင်း မိုးစပါး စိုက်ပျိုးမှု၊ သီးထပ်စိုက်ပျိုးမှုနှင့် စားသုံးဆီဖူလုံမှုအခြေအနေများ၊ တိုးချဲ့စိုက်ပျိုးသွားမည့် အစီအစဉ်များနှင့် ဆန်စက်/ ဆီစက် တည်ထောင်ထားရှိမှု အခြေအနေများကို ပါဝါပွိုင့်များဖြင့် အသီးသီးတင်ပြဆွေးနွေးကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ဒေသတွင်း သီးနှံစိုက်စွမ်းအား (၂၀၀) ရာခိုင်နှုန်း ရရှိရေးနှင့် စားသုံးဆီဖူလုံမှု (၁၀၀)ရာခိုင်နှုန်းကျော် ရရှိရေးအတွက် (၅)နှစ် စီမံကိန်းဖြင့် ဆောင်ရွက်နိုင်ရေး ဆွေးနွေးဆုံးဖြတ်ပေးခဲ့ကာ မြို့နယ်များအလိုက် ရည်မှန်းချက် ရာခိုင်နှုန်းပြည့်မီအောင် ဆောင်ရွက်နိုင်ရေး ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
ထို့အတူ ပြည်နယ်ဝန်ကြီးချုပ်သည် နံနက်ပိုင်းကလည်း မြစ်ကြီးနားမြို့ သီတာရပ်ကွက် လောကမာန်အောင်ဆုတောင်းပြည့်စေတီတော်အနီး ဧရာဝတီမြစ်ဆိပ်မှ တစ်ဆင့် ဧရာဝတီမြစ်ကမ်း တစ်လျှောက် စီတာပူရပ်ကွက်အထိ သဲနုန်းမြေဧရိယာ (၂၄)ဧကပေါ်တွင် ဆီထွက်သီးနှံ ပန်းနှမ်း စိုက်ပျိုးနိုင်ရေးအတွက် စက်မှုလယ်ယာဦးစီးဌာနမှ ထွန်စက်များဖြင့် ထွန်ယက်ဆောင်ရွက်နေမှုများကိုလည်းကောင်း၊ မြေဧရိယာအတွင်းခြုံနွယ်များ ခုတ်ထွင်ရှင်းလင်းခြင်းလုပ်ငန်းများ ဆောင်ရွက် နေမှုကို လည်းကောင်း လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များကို ပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။
ထို့အပြင် ပြည်နယ်ဝန်ကြီးချုပ်သည် အောက်တိုဘာ ၂၄ ရက် ညနေပိုင်းကလည်း ပြည်နယ် အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ တာဝန်ရှိသူများနှင့် ပြည်နယ်အတွင်း ပဲပုပ်သီးနှံများ တိုးချဲ့စိုက်ပျိုးနိုင်ရေးနှင့်အဆင့်မြင့် ဆီကြိတ်စက်ရုံတည် ဆောက်နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို တက်ရောက်ပြီး ပြည်နယ်အတွင်း ဒေသရာသီဥတုနှင့်ကိုက်ညီသည့် ဆီထွက်သီးနှံ ပဲပုပ်ဧက တိုးချဲ့စိုက်ပျိုးနိုင်ရေးနှင့် ကြိတ်ခွဲထုတ်လုပ်နိုင် ရေးအတွက် ကြိုးစားဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ တက်ရောက်လာကြသည့် ပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများက ပြည်နယ်အတွင်း ဘဏ္ဍာနှစ်အလိုက် မြို့နယ်များတွင် ပဲပုပ်စိုက်ပျိုးထုတ်လုပ်မှု၊ စိုက်ပျိုးနိုင်ခဲ့သည့် အခြေအနေများနှင့် တိုးချဲ့စိုက်ပျိုးနိုင်သည့် မြေဧရိယာအခြေအနေများကို အသီးသီးရှင်းလင်းတင်ပြ ကြရာ ပဲပုပ်စိုက်ပျိုးနိုင်ရေး ရင်းနှီးမြှုပ်နှံဆောင်ရွက်လိုသည့်သူများက သိလိုသည်များကို မေးမြန်း ဆွေးနွေးမှုကို ဌာနဆိုင်ရာ လုပ်ထုံးလုပ်နည်းနှင့်အညီဆောင်ရွက်နိုင်ရေးဆွေးနွေးဆောင်ရွက်ခဲ့ကြပြီး ဒေသထွက်ပဲပုပ်မျိုးစေ့များ ပြသထားရှိမှုကို ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ပြည်နယ်(ပြန်/ဆက်)