ပြင်ဦးလွင်မြို့ ရွှေစာဝိုင်းကိုယ်ပိုင်အထက်တန်းကျောင်းတွင် စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေး ဟောပြောပွဲကျင်းပ

ပြင်ဦးလွင် အောက်တိုဘာ ၂၆

လူငယ်ကဏ္ဍကိုမြှင့်တင်ဆောင်ရွက်နိုင်စေရန်ရည်ရွယ်၍ စာဖတ်ရှိန်မြှင့်တင်ရေးအသိပညာပေး ဟောပြောပွဲကို ယနေ့နံနက်(၉)နာရီအချိန်က မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်၊ ရွှေစာဝိုင်းကိုယ်ပိုင်အထက်တန်းကျောင်းခန်းမတွင်ကျင်းပရာ ရှေးဦးစွာ ကျောင်းအုပ်ဆရာမကြီး ဒေါ်သန်းသန်းလင်းက အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဝါဝါလွင်က ဟောပြောပွဲကျင်းပရသည့် ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ ဗမာစာပေနှင့်ယဉ်ကျေးမှုအသင်း ခရိုင်အဆင့် ဒုတိယဥက္ကဋ္ဌ ဒေါ်အေဇင်မေက ဗမာစာပေနှင့်ယဉ်ကျေးမှုအသင်းအား မိတ်ဆက်ပြောကြားခဲ့သည်။ ထို့နောက် စာရေးဆရာကိုရွှေအောင်သင်းက “အနာဂတ်ကိုပိုင်စိုးမည့်သူများ” ခေါင်းစဉ်ဖြင့် ဟောပြောဆွေးနွေးခဲ့သည်။ အဆိုပါ ဟောပြောချက်များနှင့်ပတ်သက်၍ ကျောင်းသားကျောင်းသူများအား မေးမြန်းခဲ့ရာ ပြန်လည်ဖြေကြားခဲ့ကြသူများအား မြန်မာနိုင်ငံအိမ်ခြံမြေလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအသင်း၊ ပြင်ဦးလွင်မြို့နယ်ဥက္ကဋ္ဌ ဦးဇော်မြင့်က ဆုများပေးအပ်ချီးမြှင့်ခဲ့သည်။ ထို့နောက် ပြင်ဦးလွင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော သုတရသစာအုပ်စာစောင်များနှင့် အသိပညာပေးနံရံကပ်စာစောင်များကို ကျောင်းသားကျောင်းသူများမှ လေ့လာဖတ်ရှုခဲ့ကြသည်။

အဆိုပါစာဖတ်ရှိန်မြှင့်တင်ရေးအသိပညာပေးဟောပြောပွဲသို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဝါဝါလွင်၊ စာရေးဆရာကိုရွှေအောင်သင်း၊ ခရိုင်ဗမာစာပေနှင့်ယဉ်ကျေးမှုအသင်း ဒုတိယဥက္ကဋ္ဌ ဒေါ်အေဇင်မေနှင့်အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံအိမ်ခြံမြေလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအသင်း ပြင်ဦးလွင်မြို့နယ်ဥက္ကဋ္ဌ ဦးဇော်မြင့်၊ ရွှေစာဝိုင်းကိုယ်ပိုင်အထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်း(၁၅၀)ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။

သွေးသွေး (ခရိုင် ပြန်/ဆက်)