ခရမ်းမြို့နယ်တွင် ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား မိသားစုစာရင်း ပိုမိုပြည့်စုံမှန်ကန်ရေး လုပ်ငန်းညှိနှိုင်းအစည်း အဝေးပြုလုပ်

 ခရမ်း နိုဝင်ဘာ ၂၄

ရန်ကုန်တောင်ပိုင်းခရိုင်၊ ခရမ်းမြို့နယ်တွင် ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား မိသားစုစာရင်းများ ပိုမိုပြည့်စုံမှန်ကန်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ယမန်နေ့ နေ့လယ် ၂ နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
ခရမ်းမြို့နယ်တွင် နိုင်ငံတော်အစိုးရမှ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား မိသားစုစာဝင်များကို ထောက်ပံ့ပေးရာတွင် ကျန်ရှိနေပြီး ထပ်မံတင်ပြလာသည့် အိမ်ထောင်စု (၂၄၅၀)ကို ပြန်လည်စစ်ဆေး ပြီး၊ ရပ်ကွက်အတွင်း နေထိုင်သော ပြည်သူများ ပွင့်လင်းမြင်သာစွာ သိရှိစေရန် ဆောင်ရွက်ခြင်း၊ ဝင်ငွေ နည်းမိသားစု အမှန်တကယ်ဖြစ်ကြောင်း၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး များတွင်  လျှောက်ထားလာသော ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများဖြစ်ကြောင်းနှင့် စာရင်းများတိကျမှန်ကန်ပြည့်စုံ စေရေးအတွက် ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ရပ်မိ၊ ရပ်ဖများက ပြန်လည်စိစစ်ပြီးသော စာရင်းကို မြို့နယ်ဌာန ဆိုင်ရာများ ပါဝင်သည့် စိစစ်ရေးအဖွဲ့၊ မြို့နယ်စီမံခန့်ခွဲရေးကော်မတီနှင့် လွှတ်တော်ကိုယ်စားလှယ်များ ဖြင့် ပြန်လည်စစ်ဆေး အတည်ပြု ခြင်းလုပ်ငန်းများ ဆောင်ရွက်ရန် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းဆန်းထွန်းနှင့် လွှတ်တော်ကိုယ်စားလှယ်များက ရှင်းလင်း ပြောကြားခဲ့ပြီး တက်ရောက်လာကြ သော ဌာနဆိုင်ရာများက ရပ်ကွက်အတွင်း ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ပြန်လည် ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရှိရသည်။
အဆိုပါ အစည်းအဝေးသို့ ခရမ်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအေးမင်း၊ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးလှတိုး၊ ဦးသိန်းဇော်လတ်နှင့် ဌာနဆိုင်ရာများ တက်ရောက် ခဲ့ကြကြောင်း သိရသည်။
ကိုမင်း (ခရမ်း)