ဇမ္ဗူသီရိ အောက်တိုဘာ ၂၆
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းသားလူငယ်များ ဗလငါးတန်ပြည့်စုံပြီး အသိပညာဗဟုသုတ တိုးပွားစေရန် ရည်ရွယ်၍ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်း အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ဇမ္ဗူသီရိမြို့နယ်၊ အမှတ် (၈) အခြေခံပညာ အထက်တန်းကျောင်း၌ ကျင်းပခဲ့ရာ ရှေးဦးစွာ ကျောင်းသား၊ ကျောင်းသူများက ဇာတိမာန်သီချင်းဖြင့် အခမ်းအနားကို သီဆိုဖွင့်လှစ်ခဲ့သည်။
အဆိုပါ စကားဝိုင်းတွင် မြို့နယ်ပညာရေးမှူး ဦးဝင်းနိုင်က အမှာစကားပြောကြားရာတွင် ကျောင်းသား၊ ကျောင်းသူ လူငယ်များအနေဖြင့် ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂ ဆိုသည့် ဗလငါးတန်ပြည့်စုံပြီး အသိပညာ ဗဟုသုတ တိုးပွားစေရန်၊ စကားပြောအတတ်ပညာများ ကျွမ်းကျင်တတ်မြောက်ပြီး လူအများရှေ့တွင် ရဲဝံ့စွာစကား ပြောဆိုတတ်စေရန်၊ လူငယ်များ နားထောင်ပြီး အသိပညာဗဟုသုတများရရှိ၍ အပြန်အလှန် ဆွေးနွေးကြရာမှ အတွေ့အကြုံသစ် များရရှိစေရန်၊ လူငယ်များ အချင်းချင်း ချစ်ကြည်ရင်းနှီးမှု ရရှိစေရန်နှင့် ပူးပေါင်းဆောင်ရွက်တတ်သည့် အလေ့အကျင့်ကောင်းများ ရရှိလာစေရန် ရည်ရွယ်၍ လူငယ်စကားဝိုင်း ကျင်းပပေးရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍ လူငယ်စကားဝိုင်းကျင်းပခဲ့ရာ စေ့စပ်ညှိနှိုင်းရေးမှူးအဖြစ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဇမ္ဗူသီရိမြို့နယ်ဦးစီးမှူး ဦးစီးအရာရှိ ဒေါ်နီလာစိုးက ဆောင်ရွက်ပြီး အမှတ် (၈) အခြေခံပညာအထက်တန်းကျောင်းမှ မောင်အောင်မင်းခန့် (Grade-10) က လူငယ်နှင့်နည်းပညာ ခေါင်းစဥ်ဖြင့်လည်းကောင်း၊ မောင်ကျော်ဇင် (Grade-11) က လူငယ်နှင့် ရည်မှန်းချက် ခေါင်းစဥ်ဖြင့်လည်းကောင်း၊ မကြည်စင်ကျော် (Grade-11) က လူငယ်နှင့်ယဥ်ကျေးမှု ခေါင်းစဥ်ဖြင့်လည်းကောင်း၊ မသီရိစံ (Grade-10) က လူငယ်နှင့် စာရိတ္တ ခေါင်းစဥ်ဖြင့်လည်းကောင်း၊ မရည်မွန်သန့် (Grade-10) က လူငယ်နှင့် စာဖတ်ခြင်းခေါင်းစဥ်ဖြင့် လည်းကောင်း အသီးသီးဦးဆောင်ဆွေးနွေးခဲ့ပြီး တက်ရောက်လာသော ကျောင်းသား၊ ကျောင်းသူများက ဆွေးနွေးမှုများနှင့်ပတ်သက်၍ သိရှိလိုသည်များကိုမေးမြန်းခဲ့ရာလူငယ်စကားဝိုင်း ဆွေးနွေးပြောကြားပေးသော ကျောင်းသား၊ ကျောင်းသူများက ပြန်လည်ဖြေကြားပေးခဲ့သည်။
ထို့နောက် အခမ်းအနားသို့ တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများက လူငယ်ရေးရာနှင့်သက်ဆိုင်သည့် စာအုပ်/စာစောင်များ၊ အသိပညာပေး နံရံကပ်ပြဘုတ်များအား စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။
ဟိန်းသူအောင် (ပြန်/ဆက်)