ဗဟန်း အောက်တိုဘာ ၂၆
Silver Sea International ကုမ္ပဏီလီမိတက်မှ စီစဉ်ကျင်းပသည့် ရန်ကုန်အင်တာနေရှင်နယ် Yangon International Trade Expo ပြပွဲ Medical ,Hospital ,Health & Beauty Care Myanmar ၂၀၂၄ နှင့် Myanmar Education & Further Study 2024 ပြပွဲကို ယမန်နေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ အင်းလျားကန်ဟိုတယ်ဝင်းရှိ ရန်ကုန်ကွန်ဗင်းရှင်းစင်တာ(YCC) တွင် ကျင်းပခဲ့သည်။
အဆိုပါကုန်စည်ပြပွဲဖွင့်ပွဲအခမ်းနားသို့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်၊ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်၊ မြန်မာနိုင်ငံဆေးနှင့် ဆေးပစ္စည်းလုပ်ငန်းရှင်များအသင်း၊ မြန်မာနိုင်ငံပုဂ္ဂလိကဆေးရုံများအသင်း၊ မြန်မာနိုင်ငံပုဂ္ဂလိကသက်မွေးပညာအသင်း၊ မြန်မာနိုင်ငံကုန်စည်ပြပွဲအခမ်းအနားနှင့် ဆွေးနွေးပွဲများဆိုင်ရာလုပ်ငန်းအသင်းတို့မှ တာဝန်ရှိသူများ တက်ရောက်ဖွင့်လှစ်ပေးပြီး ပြခန်းများအား လိုက်လံကြည့်ရှုပြီး ဝယ်ယူအားပေးခဲ့ကြသည်။
ပြပွဲတွင် ကျန်းမာရေးနှင့်ပညာရေးဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်းများ၊ ဆောက်လုပ်ရေး၊ အိမ်ခြံမြေ၊ ဆိုလာ၊ အင်ဗာတာနှင့် လျှပ်စစ်စွမ်းအင်ဆိုင်ရာဆက်စပ်ပစ္စည်းများအား ခင်းကျင်းပြသထားပြီး၊ မြန်မာနိုင်ငံရဲ့ စီးပွားရေးလုပ်ငန်းတွေအတွက် အခြေခံကုန်ပစ္စည်းများ၊ ဝန်ဆောင်မှုလုပ်ငန်း များကို ပြပွဲကြီး အတွင်းလာရောက်လေ့လာနိုင်သလို ပညာရှင်များ ရဲ့ Seminar များ၊ Business Mactching Program များနှင့် Networking Event များကိုပါတစ်ပါတည်းကျင်းပပြုလုပ်သွားမှာမည်ဖြစ်သည်။
ထို့ပြင် လူငယ်အကြိုက် Anime ဇာတ်ကောင်ပုံစံများ ဝတ်ဆင် ယှဉ်ပြိုင်နိုင်မည့် Yangon Weekend Cosplay ကိုပါ ထည့်သွင်းကျင်းပသွားမည်ဖြစ်ကြောင်းနှင့် ပြပွဲတွင်ပြခန်း (၂၀၀)ကျော်မှ ကုန်ပစ္စည်းများကို အောက်တိုဘာ ၂၅ ရက်မှ ၂၇ ရက်နေ့အထိ နေ့စဉ်နံနက် (၁၀)နာရီမှညနေ(၅)နာရီအထိ ခင်းကျင်းပြသရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အောင်မြင့်(ပြန်/ဆက်)