မြင်းခြံမြို့ အ.ထ.က-ခွဲ (အလင်းရောင်) ကျောင်း၌ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲ ပြုလုပ်

မြင်းခြံ အောက်တိုဘာ ၂၅

မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့ အ.ထ.က-ခွဲ (အလင်းရောင်) ကျောင်းတွင် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက် (၁၁) နာရီ အချိန်က ပြုလုပ်ခဲ့ကြောင်း သိရသည်။

ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး ဟောပြောပွဲတွင် မြင်းခြံခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးအးနွဲ့က တက်ရောက်လာသော ကျောင်းသား/ ကျောင်းသူများအား ကလေးအလုပ်သမားများနှင့်ပတ်သက်၍ ကလေးအလုပ်သမားများ၏ အသက်အရွယ်၊ ကလေးအလုပ်သမား ဖြစ်သွားပါက ကျောင်းတက်ရန် အခွင့်အလမ်းရွေးချယ်နိုင်မှုမရှိခြင်း၊ အချိန်မတန်မှီ ကျောင်းမှ မဖြစ်မနေထွက်ရခြင်း၊ ကျောင်းတက်ခြင်းနှင့်အတူ ပြင်းထန်သောအလုပ်ကို အချိန်ကြာမြင့်စွာလုပ်ကိုင်ရန် လိုအပ်ခြင်း၊ ကလေးအလုပ်သမားများအနေဖြင့် ပညာရေးနှင့် အသက်မွေးဝမ်းကျောင်းပညာ သင်ယူရေး အတူလုပ်ဆောင်နိုင်ရေး စသည်ဖြင့် ဟောပြောခဲ့သည်။

ဟောပြောပွဲအပြီးတွင် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးနံရံကပ်စာစောင်များနှင့် သုတ/ရသ စာအုပ်များ ခင်းကျင်းပြသထားရာ ကျောင်းသား/ ကျောင်းသူများမှ စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။                                                             

ကျော်စွာ(မြင်းခြံ)