မိုင်းပန်မြို့နယ် အခြေခံပညာကျောင်းများ၌ ဟောပြောပွဲ၊ နံရံကပ်စာ‌စောင်နှင့် စာအုပ်ပြပွဲ ကွင်းဆင်းဆောင်ရွက်

မိုင်းပန် အောက်တိုဘာ ၂၅  

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်း၍ အခြေခံပညာအလယ်တန်းကျောင်း (နမ့်တိန်း)နှင့် အခြေခံပညာမူလတန်းကျောင်း (လွိုင်နွဲ့) ကျောင်းများသို့ ယမန်နေ့နံနက် ၁၀ နာရီက ဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်အိရွှေစင်လတ်က ကျောင်းသား/ သူများအား လူငယ်များ ဗလငါးတန်နှင့်ပြည့်စုံစေရန် အသိပညာ၊ အတတ်ပညာများကို လေ့လာဆည်းပူးကြစေလိုကြောင်း၊ အားလပ်သည့်အချိန်များတွင် စာအုပ်၊ စာပေများဖတ်ရှုခြင်းကြောင့် ရရှိလာမည့် အကျိုးကျေးဇူးများအကြောင်းနှင့် အားကစားနှင့်ကာယပညာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဒေါ်နန်းမိုခမ်းဟိန်းက လူငယ်ရေးရာအသိပညာပေး ဟောပြောခဲ့သည်။ ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဒေါ်နန်းအေးအေးအောင်က မိမိတို့စာကြည့်တိုက်များတွင် အသိပညာဗဟုသုတရရှိစေရန် စာအုပ်စာပေများနှင့် သုတ၊ ရသ၊ စာအုပ်စာစောင်များ အခမဲ့လာရောက်ဖတ်ရှုပြီး ငှားရမ်းလိုပါက စာကြည့်တိုက်အသင်းဝင်၍ အခမဲ့ငှားရမ်းနိုင်ပါကြောင်း ပြောကြားခဲ့သည်။

ထို့နောက် အားကစားနှင့်ကာယပညာဦးစီးဌာနမှ အခြေခံပညာကျောင်းများအတွက် အားကစားပစ္စည်းများ ထောက်ပံ့ပေးခဲ့ပြီး စာဖတ်ရှိန်မြှင့်တင်ရေး စာအုပ်ပြပွဲနှင့် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးနံရံကပ်စာစောင် ခင်းကျင်းပြသပေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)