ကျိုက်ထို အောက်တိုဘာ ၂၅
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများ အတန်းအလိုက် အင်္ဂလိပ်စာဘာသာရပ်နှင့် သင်္ချာဘာသာရပ် စွမ်းရည်ပြိုင်ပွဲဖြေဆိုမှုကို ယမန်နေ့ နံနက် ၉ နာရီတွင် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
ထိုသို့ကျင်းပရာတွင် ကျိုက်ထိုမြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်းကျောင်း (၁၀)ကျောင်း၊ အလယ်တန်းကျောင်း (၄) ကျောင်း၊ မူလတန်းကျောင်း(၁၁)ကျောင်း စုစုပေါင်း(၂၅)ကျောင်းမှ အင်္ဂလိပ်စာဘာသာ ရပ်ကိုဝင်ရောက်ဖြေဆိုသည့် ကျောင်းသား၊ ကျောင်းသူ(၈၀)ဦးနှင့် သင်္ချာဘာသာရပ်ကို ဝင်ရောက်ဖြေဆိုသည့် ကျောင်းသား၊ ကျောင်းသူ(၁၁၃)ဦး ဝင်ရောက်ဖြေဆိုကြရာ မြို့နယ်ပညာရေးမှူး ဦးမောင်ညိုနှင့် ကျောင်းအုပ်ဆရာကြီး၊ ဆရာမကြီးများက ကြီးကြပ်ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ဝင်းမောင်(ကျိုက်ထို)