ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် မူလွန်ကျောင်းတွင် လူငယ်များ ဗလငါးတန်ပြည့်စုံစေရန် အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲ၊ စာအုပ်ပြပွဲ ကျင်းပ

ဒဂုံတောင် အောက်တိုဘာ ၂၅

လူငယ်များ ဗလငါးတန်ပြည့်စုံရန် ရရှိပြီးသား ဗဟုတများတိုးပွားရရှိစေရန်၊ စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများရရှိစေရန် ရည်ရွယ်ပြီး  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် မြို့နယ်စာရေးဆရာအသင်းတို့ ပူးပေါင်းကျင်းပသည့် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲ၊ စာအုပ်ပြပွဲကို ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်၊ အမှတ် (၃) အခြေခံပညာမူလတန်းလွန်ကျောင်း၌ အောက်တိုဘာ ၂၃ ရက်နေ့ မွန်းလွဲ ၁ နာရီက ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်၊ အမှတ်(၃) အခြေခံပညာမူလတန်းလွန်ကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်သဇင်မြိုင်က အဖွင့်အမှာစကား ပြောကြားပြီးနောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်သန်းသန်းအေးက လူငယ်နှင့်အနာဂတ်ခေါင်းစဉ်ဖြင့် ကျောင်းသား၊ ကျောင်းသူများသည် နိုင်ငံတော်ရဲ့အနာဂတ်ခေါင်းဆောင်များဖြစ်ကြောင်း မိမိတို့အနာဂတ်အတွက် ရည်မှန်းချက်‌ကောင်းများထားရှိပြီး ရည်မှန်းချက်အောင်မြင်အောင်ဆောင်ရွက်ရာတွင် နည်းလမ်းမှန်ကန်‌စေရေး သုတ၊ ရသစာအုပ်စာပေများဖတ်ခြင်း၊ ရုပ်ရှင်၊ ဂီတအနုပညာရသများ ကြည့်ရှုနား‌ထောင်ခြင်းမှလည်း ရရှိ‌နိုင်‌ကြောင်းများကို သာဓကပြ အကြောင်းအရာများဖြင့် ဟောပြောဆွေးနွေးသည်။

ဆက်လက်၍ မြို့နယ်စာရေးဆရာအသင်း အတွင်းရေးမှူး စာရေးဆရာ သက်ဝေမောင်က လူကုန်ကူးခံရသည့်ဖြစ်စဉ်အကြောင်းအရာများ၊ မူးယစ်ဆေးဝါးသုံးစွဲရခြင်းအ‌ကြောင်းများ၊ ရှောင်ရှားစေရန်များကို ဖြစ်ရပ်မှန်အကြောင်းအရာများဖြင့် စာအုပ်စာပေ၏ အကျိုးကျေးဇူးကြီးပုံများကို အကျယ်တဝင့် ဆွေးနွေးဟောပြောကာ ကျောင်းသား၊ ကျောင်းသူများနှင့် အပြန်အလှန်‌ဆွေးနွေးကြပြီး မှန်ကန်စွာ ပြန်လည်ဆွေးနွေးနိုင်သူ ကျောင်းသား၊ ကျောင်းသူ‌များအား အမှတ်တရဂုဏ်ပြုလက်ဆောင် ချီးမြှင့်ပေးအပ်သည်။

ထို့နောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်ကျင်းပြသထားသော အသိပညာပေးနံရံကပ်စာစောင်များနှင့် သုတ/ ရသစာအုပ်များအား စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုကြကြောင်း သိရသည်။

နေမျိုးအောင်