မြစ်သား အောက်တိုဘာ ၂၄
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့ အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်းတွင် ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ ကြိုတင်ကာကွယ်တားဆီးရေး အသိပညာပေးဟောပြောပွဲ အခမ်းအနားကို အဆိုပါကျောင်း ကျန်စစ်သားခန်းမတွင် ယမန်နေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်မင်းက အဖွင့်အမှာစကားပြောကြားပြီး မြစ်သားမြို့နယ်ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးမှူး ဒေါက်တာဘုန်းမြတ်ကိုက မိုးရာသီကာလတွင် ဖြစ်ပွားမှုများပြားနိုင်သည့် ပြင်းထန်ဝမ်းပျက်ဝမ်း လျှောရောဂါသည် ဝမ်းရောဂါဖြစ်ပွားစေသော ရောဂါပိုးများပါရှိသည့် မသန့်ရှင်းသောရေနှင့် အစားအစာများစားသောက်မိရာမှတစ်ဆင့် ကူးစက်ဖြစ်ပွားစေကြောင်း အဆိုပါ ရောဂါမှာရာသီမရွေးဖြစ်ပွားလေ့ရှိပြီး အထူးသဖြင့် မိုးဦးကျကာလနှင့်မိုးအကုန်ဆောင်းအကူးတွင် အဖြစ်များကြောင်းတို့ကို ရောဂါနှင့်ပတ်သက်၍ ဆွေးနွေးပြောကြားခဲ့သည်။ ထို့နောက် ရှမ်းပွဲရပ်ကွက် မြို့မ(အ.ထ.က)ကျောင်း၊ မြို့မအနောက်ရပ်ကွက်ကွက် စည်ပင်သာယာရေးဈေးနှင် ရွှေမုဋ္ဌောဘုရားရှေ့ ဗိုလ်ချုပ်လမ်းမပေါ်တွင် လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။ ဆက်လက်၍ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန လူမှုဝန်ဆောင်မှုရုံး အစည်းအဝေးခန်းမတွင် မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာများ၊ မြို့နယ်စားသောက်ကုန်လုပ်ငန်းရှင်(၃၀)ဦးတို့နှင့်တွေ့ဆုံ၍ မိုးရာသီကာလတွင် ဖြစ်ပွားနိုင်သည့် ပြင်းထန်ဝမ်းပျက် ဝမ်းလျှောရောဂါများအကြောင်းကို မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးမှူး ဒေါက်တာဘုန်းမြတ်ကိုကထပ်မံ၍ အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရသည်။
အဆိုပါ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါအသိပညာပေးဟောပြောပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်မင်း၊ မြို့နယ်စီမံအုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁) ဗိုလ်မှူးဘိုဘိုအောင်၊ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဌေးဝင်း၊ ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူး ဒေါက်တာဘုန်းမြတ်ကိုနှင့် ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်ပညာရေးမှူး ဒေါ်ပြုံးကြည်၊ မြို့နယ်ကြက်ခြေနီအသင်းခွဲမှတပ်ဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်း(၂၅၀)ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။
ဝါဝါမြင့်