ဒဂုံမြောက် အောက်တိုဘာ ၂၄
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်တွင် ပြင်းထန်ဝမ်းပျက်ဝမ်းလျောရောဂါ ထိန်းချုပ် ကာကွယ်ရေး စေတနာ့ဝန်ထမ်းများ၏ တာဝန်ဝတ္တရားများ လုပ်ငန်းလမ်းညွှန်သင်တန်းဖွင့်လှစ်ခြင်းကို ယမန်နေ့နံနက် ၉ နာရီက ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ် ပြည်သူ့ဆေးရုံအစည်းအဝေးခန်းမ၌ ကျင်းပခဲ့ရာ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာတင်မူမြင့်က သင်တန်းဖွင့်လှစ်ရခြင်းရည်ရွယ်ချက်နှင့် သင်တန်းဖွင့်အမှာစကား ပြောကြားခဲ့သည်။
ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ ထိန်းချုပ်ကာကွယ်ရေး စေတနာ့ဝန်ထမ်းများ၏ တာဝန်ဝတ္တရားများ လုပ်ငန်းလမ်းညွှန်သင်တန်း၌ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဦးဝင်းဇော်ဦး၊ ကျန်းမာရေးကြီးကြပ်ရေးမှူး(၁)၊ ဒေါ်အိန္ဒြာကျော်၊ ကျန်းမာရေးကြီးကြပ်ရေးမှူး (၂) နှင့် ဒေါ်သင်းနုနုလှိုင်၊ (၃၆) ဒေသန္တရကျန်းမာရေးတာဝန်ခံတို့က သင်တန်းနည်းပြများအဖြစ် ဆောင်ရွက်ကြပြီး သင်တန်းကာလမှာ (၁) ရက်တာ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါသင်တန်းဖွင့်ပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် မြို့နယ်အတွင်းရှိ စေတနာ့ဝန်ထမ်းသင်တန်းသား (၅၀) ဦး တက်ရောက်သင်ကြားခဲ့ကြကြောင်း သတင်းရရှိသည်။
မြင့်မြင့်ရီ(ဒဂုံမြောက်)