၂၀၂၄ ခုနှစ်၊ ကမ္ဘာ့ဖလားနဂါးလှေလှော်ပြိုင်ပွဲနှင့် ကမ္ဘာ့ချန်ပီယံရှစ် နဂါးလှေလှော်ပြိုင်ပွဲများသို့ ဝင်ရောက်ယှဉ်ပြိုင်ရန် မြန်မာလှေလှော်အားကစားအဖွဲ့ပြည်ပထွက်ခွာ

ရန်ကုန် အောက်တိုဘာ ၂၄

၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ(၂၄)ရက်နေ့မှ နိုဝင်ဘာလ(၃)ရက်နေ့အထိ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ Yichang မြို့နှင့် ဖိလစ်ပိုင်သမ္မတနိုင်ငံ၊ Puerto Princesa မြို့တို့တွင် ကျင်းပမည့် အပြည်ပြည်ဆိုင်ရာကနူးလှေလှော်အဖွဲ့ချုပ်၏ ၂၀၂၄ ခုနှစ်၊ ကမ္ဘာ့ဖလားနဂါးလှေလှော်ပြိုင်ပွဲ (2024 ICF Dragon Boat World Cup)နှင့် ကမ္ဘာ့ချန်ပီယံရှစ်နဂါးလှေလှော်ပြိုင်ပွဲ (2024 ICF Dragon Boat World Championships)သို့ ဝင်ရောက်ယှဉ်ပြိုင်ရန် မြန်မာနိုင်ငံလှေလှော်အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးသောင်းထိုက်မင်းဦးဆောင်သော မြန်မာလှေလှော်အားကစားအဖွဲ့သည် ယနေ့နံနက် ၁၁ နာရီအချိန်၌ လေယာဉ်ခရီးစဥ်အမှတ် CZ-3056 ဖြင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ထွက်ခွာခဲ့ကြောင်း သိရသည်။

အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများနှင့် မြန်မာနိုင်ငံလှေလှော်အဖွဲ့ချုပ်မှတာဝန်ရှိသူတို့က လိုက်လံပို့ဆောင်နှုတ်ဆက်ခဲ့ပြီး အဆိုပါပြိုင်ပွဲသို့ သွားရောက်ယှဉ်ပြိုင်မည့် အားကစားအဖွဲ့တွင် ဥက္ကဋ္ဌဦးသောင်းထိုက်မင်းအဖွဲ့ခေါင်းဆောင်၊ အတွင်းရေးမှူးဦးသက်လွင်၊ နည်းပြဦးဘုန်းမြင့်တေဇာနှင့် အားကစားသမား(၁၀)ဦး စုစုပေါင်း(၁၃)ဦး လိုက်ပါသွားကြောင်းသိရသည်။

အောင်မြင့်(ပြန်/ဆက်)