ရွှေပြည်သာ အောက်တိုဘာ ၂၄
ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံခရိုင်၊ ရွှေပြည်သာမြို့နယ်၊ အမှတ်(၁၉)ရပ်ကွက်တွင် မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ်အချို့ရေကြီးနစ်မြုပ်ခြင်း၊ အမိုးလှန်ခြင်း၊ နေအိမ်အလုံးစုံပြိုကျပျက်စီးခြင်းများဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။
ထိုသို့ မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်အလုံးစုံပြိုကျပျက်စီးသည့် အိမ်ထောင်စု(၇)စုနှင့် တစ်စိတ်တစ်ပိုင်း အမိုးလှန်ပျက်စီးသည့် အိမ်ထောင်စု(၂၁)စုတို့အား ရန်ကုန်တိုင်းဒေသကြီးသဘာဝဘေးစီမံခန့်ခွဲမှုဦးစီးဌာနမှ လှူဒါန်းသည့်အိမ်ထောင်စု(၇)စုအား အိမ်ထောင်စု(၁)စုလျှင် ထောက်ပံ့ငွေ(၁)သိန်းကျပ်၊ ဆန်ရိက္ခာထောက်ပံ့ငွေ၊ ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုးပါ (၁)ပုံးစီကိုလည်းကောင်း၊ တစ်စိတ်တစ်ပိုင်း အမိုးလှန်ပျက်စီးသည့် အိမ်ထောင်စု(၂၁)စုတို့အား အိမ်ထောင်စု(၁)စုလျှင် ထောက်ပံ့ငွေ(၅)သောင်းကျပ်နှင့် ဆန်ရိက္ခာထောက်ပံ့ငွေကိုလည်းကောင်း၊ စုစုပေါင်းထောက်ပံ့ငွေ ကျပ်သိန်း(၂,၀၃၇,၇၀၀)အား ရေဘေးသင့်အိမ်ထောင်စု(၂၈)စုတို့အား ပေးအပ်လှူဒါန်းခြင်းကို ယမန်နေ့မွန်းလွဲ ၃ နာရီခွဲက အဆိုပါနေရာ၌ပြုလုပ်ခဲ့ကြောင်း သိရသည်။
အလှူငွေနှင့်ထောက်ပံ့ရေးပစ္စည်းများပေးအပ်လှူဒါန်းရာတွင် မြို့နယ်သဘာဝဘေးစီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးမြင့်ဦး၊ တိုင်းသဘာဝဘေးစီမံခန့်ခွဲမှုဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးငြိမ်းချမ်း၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဋ္ဌဒေါ်ယဉ်မေသွယ်နှင့် အမှတ်(၁၉)ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့ကပေးအပ်ခဲ့ရာ ရေဘေးသင့်အိမ်ထောင်စု(၂၈)စုက လက်ခံရယူကြောင်း သိရှိရသည်။
အေးမိုး(ပြန်/ဆက်)