မန္တလေးတိုင်းဒေသကြီးအတွင်းရှိ တန်ခိုးကြီးဘုရားများ၏ သမိုင်းအချက်အလက်များနှင့် ဘုရားဖူးလမ်းညွှန်များကို တစ်နေရာတည်းတွင် တစ်စုတစ်စည်းတည်း လေ့လာကြည့်ရှုနိုင်

ချမ်းအေးသာစံ အောက်တိုဘာ ၂၄

မြန်မာနိုင်ငံအတွင်း တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ အထင်ကရ ဘုရား၊ စေတီ၊ ပုထိုး (၁၀) ဆူကို www.pagodadirectory.gov.mm  တဆင့် ကြည်ညိုလေ့လာဖူးမြော်နိုင်ပြီး မန္တလေးတိုင်းဒေသကြီးအတွင်းရှိ တန်ခိုးကြီးဘုရားများကိုလည်း mandalaypagodadirectory.org Website ၌ ဝင်ရောက်၍ ကြည့်ရှုလေ့လာ ဖူးမြော်ကြည်ညိုနိုင်ကြောင်း သိရသည်။

 အဆိုပါ mandalaypagodadirectory.org Website ၌ လက်ရှိတွင် မဟာမုနိဘုရားကြီး၊ ကျောက်တော်ကြီးဘုရား၊ ကုသိုလ်တော်ဘုရား၊ အောင်တော်မူဘုရား၊ ရွှေကျီးမြင်ဘုရား၊ မန္တလေးတောင်တော်ရှိ ဆုတောင်းပြည့်စေတီတော်မြတ်ကြီး၊ ကျောက်ဆည်မြို့နယ်ရှိ မဟာရွှေသိမ်တော်မြတ်စွာဘုရား၊ ပြင်ဦးလွင်မြို့နယ်ရှိ မဟာအံ့ထူးကံသာဘုရား၊ ပုဂံဒေသရှိ တုရင်တောင်စေတီတော်မြတ်ကြီး၊ မနူဟာဘုရားကြီး၊ လောကနန္ဒာစေတီတော်ကြီး၊ ထီးလိုမင်းလိုဘုရား၊ ဓမ္မရာဇကစေတီတော်ကြီး၊ ဗူးဘုရားစေတီတော်ကြီး၊ အလိုတော်ပြည့်ဘုရား၊ ရွှေစည်းခုံဘုရား၊ အာနန္ဒာဘုရားတို့ကို လွယ်ကူစွာ ဖူးမြော်ကြည်ညိုလေ့လာနိုင်ပြီး  အဆိုပါ Website အား မြန်မာသတင်းအချက်အလက်နည်းပညာတက္ကသိုလ် (Myanmar Institute of Information Technology-MIIT)မှ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများက ကူညီရေးသားဆောင်ရွက်ပေးထားခြင်းဖြစ်ကြောင်း၊ ထပ်မံဖြည့်သွင်းဆောင်ရွက်လိုသည့် ဘုရားများ၏သမိုင်း အချက်အလက်များနှင့် အကြောင်းအရာများကို လေ့လာကြည့်ရှုနိုင်ရန် ဆက်လက်ရေးသားဆောင်ရွက်သွားမည့် အစီအစဉ်များလည်းရှိကြောင်း website ၌ ပါဝင်ရေးသားသူ MIIT မှ ဒေါက်တာ ခိုင်ဇာသွယ်က ပြောသည်။

Touch Screen များအားအသုံးပြု၍ Pagoda Digital Directory သမိုင်းအချက်အလက်နှင့် ဘုရားဖူးလမ်းညွှန်များ လေ့လာကြည့်ရှုနိုင်ရန် Station များကို မဟာမုနိဘုရားကြီး ၄ ခု၊ မန္တလေးတောင်တော်ရှိ ဆုတောင်းပြည့်စေတီတော်မြတ်ကြီးတွင် ၂ ခု၊ ကျောက်တော်ကြီးဘုရားတွင် ၂ ခု၊ မဟာရွှေသိမ်တော်မြတ်စွာဘုရားတွင် ၂ ခု၊ မဟာလောကမာရဇိန်ကုသိုလ်တော်ဘုရားတွင်  ၂ ခု၊ စန္ဒာမုနိဘုရားတွင် ၁ ခု ထားရှိပြီး အများပြည်သူ စိတ်အေးချမ်းသာစွာ လေ့လာကြည့်ရှုနိုင်ရန် စီစဉ်ထားကြောင်း မဟာလောကမာရဇိန်ကုသိုလ်တော်ဘုရားဂေါပအဖွဲ့၊ တွဲဖက်အထွေထွေအတွင်းရေးမှူးထံက သိရသည်။

“mandalaypagodadirectory.org Website ပြသနိုင်ရေးအတွက် ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာန မြန်မာသတင်းအချက်အလက် နည်းပညာတက္ကသိုလ် (Myanmar Institute of Information Technology-MIIT) တို့ ပူးပေါင်းဆောင်ရွက်ခဲ့ပါတယ်။ စေတီတော်ဆိုင်ရာ၊ ဘုရားဖူးလမ်းညွှန်၊ ဖူးမြော်ရန်နေရာများ၊ သာသနာတော်ထွန်းကားမှု၊ ဗုဒ္ဓအဆုံးအမများ၊ ပန်းဆယ်မျိုး၊ အမျိုးဂုဏ်/ ဇာတိဂုဏ် သမိုင်းအထောက်အထားတွေ အချက်အလက်တွေကို တစ်နေရာတည်းမှာ တစ်စုတစ်စည်းတည်း ကြည့်ရှုလေ့လာနိုင်ပါတယ်၊ ဘုရားဖူးလာပြည်သူတွေ ကိုယ်တိုင်ဝင်ရောက်ကြည့်ရှုနိုင်အောင် လုပ်ဆောင်ထားသလို ကြည့်ရှုသူတွေကို ရှင်းပြနိုင်အောင်လည်း ဝန်ထမ်းတွေအားလုံးကို သင်ကြားပေးသွားမှာဖြစ်ပါတယ်” ဟုမဟာလောကမာရဇိန်ကုသိုလ်တော်ဘုရား ဂေါပကအဖွဲ့၊  တွဲဖက်အထွေထွေအတွင်းရေးမှူး ဉီးမျိုးဝင်းနိုင်က ပြောသည်။

အဆိုပါ Touch Screen များအား အသုံးပြု၍ Pagoda Digital Directory သမိုင်းအချက်အလက်နှင့် ဘုရားဖူးလမ်းညွှန်များ လေ့လာကြည့်ရှုနိုင်ရန်အတွက် မန္တလေးတိုင်းဒေသကြီးအတွင်း ဘုရား၊ စေတီ၊ ပုထိုးများတွင် လက်ရှိဆောင်ရွက်ထားရှိမှုအနေဖြင့် မန္တလေးမြို့တွင် ၁၇ လုံးနှင့် ပုဂံဒေသတွင် ၉ လုံး ဆောင်ရွက်ထားရှိကြောင်း၊ သက်ဆိုင်ရာဘုရားများ၏ သတင်းအချက်အလက်အကြောင်းအရာများ၊ ဘုရားသမိုင်းများနှင့်ပတ်သက်၍ Digitalize ပြုလုပ်ရေး၊ Touch Screen များအသုံးပြု၍ အများပြည်သူ အလွယ်တကူသိရှိအောင် ခေတ်မီနည်းပညာများ ကျယ်ပြန့်စွာအသုံးပြုနိုင်ရေး ဆက်လက်ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထွန်းထွန်းနိုင်