မန္တလေး အောက်တိုဘာ ၂၄
မန္တလေးမြို့အခြေစိုက် အိန္ဒိယနိုင်ငံကောင်စစ်ဝန်ချုပ်ရုံးမှ ကြီးမှူးပြုလုပ်သော အိန္ဒိယနိုင်ငံရှိ Asames ဘာသာ၊ Bengali ဘာသာ၊ Pali ဘာသာ၊ Marathi ဘာသာနှင့် Prakrit ဘာသာတို့အား အိန္ဒိယနိုင်ငံ၏ ဂန္ဓဝင်ဘာသာစကားများ အဖြစ်သတ်မှတ်သည့် အထိမ်းအမှတ်အခမ်းအနားကို အောက်တိုဘာလ(၂၂)ရက်နေ့ ညပိုင်းက Mandalay Convention Centre တွင် ကျင်းပရာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့်တာဝန်ရှိသူများ၊ မန္တလေးမြို့အခြေစိုက် အိန္ဒိယနိုင်ငံကောင်စစ်ဝန်ချုပ်ရုံး၊ အိန္ဒိယကောင်စစ်ဝန်ချုပ် H.E.Mr. Sundeep Kaushal နှင့် တာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
အခမ်းအနားတွင် အိန္ဒိယကောင်စစ်ဝန်ချုပ် H.E.Mr. Sundeep Kaushal က ကြိုဆိုနှုတ်ခွန်းဆက်စကားကိုလည်းကောင်း၊ မန္တလေးတိုင်းဒေသကြီးအစိုးရ အဖွဲ့ဝန်ကြီးချုပ်က ဂုဏ်ပြုစကားကိုလည်းကောင်းပြောကြားခဲ့သည်။
၎င်းနောက် သာသနတက္ကသိုလ်မှ ဆရာတော် ဘူရိပညာက ပါဠိဘာသာ မြန်မာနှင့်ပတ်သက်သည့် Lecture ကိုလည်းကောင်း၊ စစ်ကိုင်းတက္ကသိုလ် အရှေ့တိုင်းဘာသာဌာန၊ ဌာနမှူး ဒေါက်တာခင်မျိုးဟန်က ပါဠိဘာသာ၏ သမိုင်းကြောင်း၊ ထူးခြားမှုနှင့်ပတ်သက်သည့် အကြောင်းအရာများကိုလည်းကောင်း၊ မန္တလေးတက္ကသိုလ်အရှေ့တိုင်းဘာသာဌာန၊ ဌာနမှူး ဒေါက်တာသီသီထွန်းက ပါဠိဘာသာနှင့်ပတ်သက်သည့် အကြောင်းအရာများကိုလည်းကောင်း၊ School For Smart Learner ကျောင်းမှ သိပ္ပံဆရာ U Shivlal Kumar Sil က Bengali ဘာသာစကား၏သမိုင်းကြောင်း၊ ယဉ်ကျေးမှုအမွေအနှစ်များနှင့်ပတ်သက်သည့် အကြောင်းအရာများကိုလည်းကောင်း၊ MCTA ကျောင်းမှ ဆရာ Mahcsh Mahadev Laundhe က Marathi ဘာသာစကား၏ သမိုင်းကြောင်း၊ ထူးခြားမှုများနှင့်ပတ်သက်သည့် အကြောင်းအရာများကိုလည်းကောင်း ဆွေးနွေးပြောကြား၍ သက္ကတဘာသာပညာရှင် UMadhujo Gopalက Bengali ဘာသာစကားဖြင့်ကဗျာရွတ်ဆိုခဲ့ပြီးနောက် အိန္ဒိယကောင်စစ်ဝန် Mr.Uma Kant Sharma က ကျေးဇူးတင်စကားပြောကြားခဲ့သည်။
အဆိုပါအခမ်းအနား၌ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့၊ မန္တလေးမြို့အခြေစိုက် အိန္ဒိယနိုင်ငံကောင်စစ်ဝန်ချုပ်ရုံးမှ ကောင်စစ်ဝန်ချုပ်နှင့်တာဝန်ရှိသူများ၊ တက်ရောက်လာကြသူများက အိန္ဒိယအစိုးရမှ ထုတ်လွှင့်သောဂန္ဓဝင် ဘာသာစကားများနှင့်ပတ်သက်၍ ပြသသည့် Video Clip နှင့် ယဉ်ကျေးမှုအကအလှများဖြင့် ဂုဏ်ပြုဖျော်ဖြေမှုများကို ကြည့်ရှုအားပေးခဲ့ကြောင်း သတင်းရရှိသည်။
ထွန်းထွန်းနိုင်