ကချင်ပြည်နယ်ဝန်ကြီးချုပ် အမျိုးသားအားကစားပွဲတော်အတွက် အားကစားရုံ၊ အားကစားကွင်း များအတွင်း ကြိုတင်ပြင်ဆင်စခန်းသွင်းလေ့ကျင့်နေမှုများအား လှည့်လည်ကြည့်ရှုအားပေး၊ ဧရာဝတီမြစ်ကမ်းဘေး သဲခုံများပေါ်တွင် ဆီထွက်သီးနှံစိုက်ပျိုးနိုင်ရေးကွင်းဆင်းစစ်ဆေး

မြစ်ကြီးနား အောက်တိုဘာ ၂၃

၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလအတွင်း ကျင်းပပြုလုပ်သွားမည့် ပဉ္စမအကြိမ်မြောက် အမျိုးသားအားကစားပွဲတော်တွင် ကချင်ပြည်နယ်အနေဖြင့် အားကစားနည်း (၂၁) နည်း၌ ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ရာ အားကစားနည်းအလိုက် စခန်းသွင်းလေ့ကျင့်ပြင်ဆင်ဆောင်ရွက်နေမှုများကို ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက် ၇ နာရီအချိန်က မြစ်ကြီးနားမြို့ပေါ်ရှိ အားကစားရုံ၊ အားကစားကွင်းများအတွင်း လှည့်လည်ကြည့်ရှုအားပေး ခဲ့ကြသည်။

ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ မြစ်ကြီးနားမြို့ ပြည်နယ်ပြည်သူ့အားကစားကွင်းအတွင်းရှိ မိုးလုံလေလုံအားကစားခန်းမ၌ ပြည်နယ်မြန်မာ့သိုင်းဆပ်ကော်မတီက ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်အတွက် ကစားသမား စိစစ်ရွေးချယ်နိုင်ရေး မြန်မာ့သိုင်းသင်တန်းဖွင့်ပွဲအခမ်းအနားကို တက်ရောက်ကြသည်။

အဆိုပါ သင်တန်းဖွင့်ပွဲအခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်က မြန်မာ့သိုင်းအားကစားနည်းသည် မိမိနိုင်ငံ၊ မိမိလူမျိုး၊ မိမိတို့၏ ဇာတိမာန်စိတ်ဓာတ်တို့ကို အဓိကဖော်ကျူးပြသသည့် အားကစား နည်းဖြစ်ပါကြောင်း၊ ထို့အပြင် ရှေးဘုရင်များလက်ထက် နှစ်ပေါင်းများစွာကတည်းက တည်ရှိခဲ့သည့်အပြင် မိဘမျိုးရိုးအစဉ်အဆက် စောင့်ထိန်းခဲ့ကြသဖြင့် မိမိတို့လူမျိုး၏ ကိုယ်ခံအတတ်ပညာတစ်ခုအနေဖြင့် မျိုးဆက်သစ်များက အမြတ်တနိုး၊ တလေးတစားသင်ကြရမည် ဖြစ်ပါကြောင်း၊ ထို့အတူ ကချင်ပြည်နယ်၏ မြန်မာ့သိုင်းအဆင့်အတန်း ပိုမိုတိုးတက်မြှင့်မားရေးကို ရှေးရှုပြီး လေးစားစွာ စနစ်တကျ သင်ကြားလေ့ကျင့်ရန် တိုက်တွန်းလိုပါကြောင်း ပြောကြားသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ပြည်နယ်မြန်မာ့သိုင်းဆပ်ကော်မတီမှ နည်းပြများ၊ လက်ရွေးစင်ကစားသမားများက လက်သိုင်း၊ တုတ်သိုင်း၊ ဓားရှည်ဗန်ဒိုလက်နက်မဲ့တိုက် ခိုက်ခြင်း၊ အဲမောင်းလှံရှည်စွမ်းရည်၊ ဇရက်တောင်ပျံဓားနှင့် လက်စွမ်းရည်၊ ဝိုင်းကြီးထွက်သိုင်းပညာ စသည့် သိုင်းစွမ်းရည်များနှင့် မြန်မာ့ဓားရေးကျင့်စဉ်နှင့် အထူးစွမ်းရည်များကို လေ့ကျင့်ပြသမှုကို ကြည့်ရှုအားပေးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က သင်တန်းအတွက် ထောက်ပံ့ငွေကျပ် (၅) သိန်းကို ထောက်ပံ့ပေးအပ်ကာ နည်းပြများနှင့် သင်တန်းသားများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်အား ပေးခဲ့ကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ငြိမ်းချမ်းသာယာအားကစားရပ်ဝန်း အတွင်းရှိ ဘောလီဘောအားကစားရုံသို့သွားရောက်ပြီး ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် တွင် ပြည်နယ်ကိုယ်စားပြုဝင်ရောက်ယှဉ်နိုင်ရေးအတွက် လက်ရွေးစင်ကစားသမားများစိစစ်ရွေးချယ် နိုင်ရေး ပြည်နယ်ဘောလီဘောဆပ်ကော်မတီက စခန်းသွင်းလေ့ကျင့်ဆောင်ရွက်လျက်ရှိသည့် အမျိုးသား/အမျိုးသမီးဘောလီဘော အားကစားသမားများ၏ လေ့ကျင့်ယှဉ်ပြိုင်ကစားနေမှုကို ကြည့်ရှုအားပေးခဲ့ကြကာ ပြည်နယ်ဝန်ကြီးချုပ်က စခန်းသွင်းကစားသမားများအတွက် ထောက်ပံ့ငွေကျပ် (၅) သိန်းနှင့် နည်းပြများအတွက် ချီးမြှင့်ငွေကျပ် (၂) သိန်းကို ထောက်ပံ့ပေးအပ်ခဲ့ကြသည်။

ယင်းနောက် ကြက်တောင်အားကစားခန်းမ၌ ကြက်တောင်ရိုက်အားကစားနည်းအတွက် ပြည်နယ်ကြက်တောင်ဆပ်ကော်မတီက ကနဦးလူစိစစ်ရွေးချယ်ပြီး စခန်းသွင်းလေ့ကျင့်လျက်ရှိသည့် ကြက်တောင်ရိုက်အားကစားသမားများနှင့် နည်းပြများကို ရင်းရင်းနှီးနှီးနှုတ်ဆက်တွေ့ဆုံပြီး လေ့ကျင့်ဆောင်ရွက်လျက်ရှိသည့် အခြေအနေများ၊ လိုအပ်ချက်များကို မေးမြန်းအားပေးကာ ထောက်ပံ့ငွေကျပ် (၆) သိန်းကို ပေးအပ်ချီးမြှင့်ခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က အားကစားနည်း အလိုက် လက်ရွေးစင်စိစစ်ရွေးချယ်ခြင်းနှင့် စခန်းလေ့ကျင့်ရာတွင် လိုအပ်ချက်သည်များအပေါ် အမြန်ဆုံး ဖြည့်ဆည်းပေးနိုင်ရေးနှင့် အမျိုးသားအားကစားပွဲတော်တွင် အောင်နိုင်မှုရရှိရေး ကြိုးစားကြရေး ဆပ်ကော်မတီတာဝန်ရှိသူများနှင့် တာဝန်ရှိသူများအကြား ပေါင်းစပ်ဆောင်ရွက် ပေးခဲ့သည်။

ထို့အပြင် ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ် ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယမန်နေ့ အောက်တိုဘာ ၂၂ ရက် ညနေပိုင်း ကလည်း မြစ်ကြီးနားမြို့ စီတာပူရပ်ကွက်အတွင်း မနောကွင်းအရှေ့ဘက် အင်ဂျန်းချောင်း ဧရာဝတီ မြစ်အတွင်းစီးဝင်သည့် ရေထွက်ပေါက်နေရာသို့ သွားရောက်ခဲ့ကြပြီး ရေကြီးမြင့်တက်မှု၊ သဲနှုန်းပို့ချမှု ကြောင့် ဧရာဝတီမြစ်ကမ်းဘေးတစ်လျှောက် သဲသောင်ခုံဖြစ်ထွန်းမှုအပေါ် ပြည်နယ်အစီအစဉ်ဖြင့် နေကြာ၊ ဆီမုန်ညှင်းနှင့် ပန်းနှမ်းစသည့် ဆီထွက်သီးနှံများ စိုက်ပျိုးနိုင်ရေး မြေဆီမြေနှစ်ရရှိမှု အခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး ပြည်နယ်ဝန်ကြီးချုပ်က မြစ်ကမ်းထိန်းနံရံနှင့် အင်ဂျန်းချောင်းရေတံခါး ဆောင်ရွက်မည့်နေရာများနှင့် ဆီထွက်သီးနှံစိုက်ပျိုးမည့် နေရာများတွင် ခြံဝင်းခတ်ခြင်း၊ စိုက်ပျိုးလုပ်ကိုင်ခြင်းများမရှိစေရေး လုပ်ထုံးလုပ်နည်းနှင့်အညီ မြေပြင်အခြေအနေ ကွင်းဆင်းစစ်ဆေးဆောင်ရွက်နိုင်ရေး ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ပြည်နယ် (ပြန်/ဆက်)