ချမ်းအေးသာစံမြို့နယ် အခြေခံပညာအဆင့် ကျောင်းသားကျောင်းသူများ အင်္ဂလိပ်စာစွမ်းရည်နှင့် သင်္ချာစွမ်းရည်ပြိုင်ပွဲကျင်းပ

ချမ်းအေးသာစံ အောက်တိုဘာ ၂၃

မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင်၊ ချမ်းအေးသာစံမြို့နယ် မြို့နယ်ပညာရေးမှူးရုံး၏ စီစဉ်ဆောင်ရွက်မှုဖြင့် အခြေခံပညာအဆင့် ကျောင်းသား၊ ကျောင်းသူများ အင်္ဂလိပ်စာစွမ်းရည်နှင့် သင်္ချာစွမ်းရည် မြို့နယ်အဆင့်ပြိုင်ပွဲကို ယမန်နေ့နံနက် ၉ နာရီက အ.ထ.က (၁၄)နှင့် အ.ထ.က(၂၂) တို့တွင် ကျင်းပခဲ့ကြောင်း သိရသည်။

မြို့နယ်အဆင့် အင်္ဂလိပ်စာစွမ်းရည်ပြိုင်ပွဲကို အ.ထ.က (၁၄)တွင် ကျင်းပရာ Grade (5)တွင် (၄၃)ဦး၊ Grade (6)တွင် (၃၇)ဦး၊ Grade (7)တွင် (၃၅)ဦး၊ Grade (8)တွင် (၃၃)ဦး နှင့် Grade (9)တွင် (၂၉)ဦး စုစုပေါင်း (၁၇၇)ဦး မြို့နယ်တွင်းရှိ အခြေခံပညာကျောင်းများနှင့် ကိုယ်ပိုင်ကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများ ပါဝင်ယှဉ်ပြိုင်ရာ ရေးဖြေစာမေးပွဲအား ဦးစွာဆောင်ရွက်ခဲ့ကာ နေ့ခင်းပိုင်းတွင် ကျပန်းနှုတ်ဖြေဆိုမှုအား ဆက်လက်ကျင်းပသွားမည်ဖြစ်သည်။ အင်္ဂလိပ်စာစွမ်းရည်ပြိုင်ပွဲကို အောက်တိုဘာလ (၂၃)ရက်နေ့ တွင်လည်း အတန်းအားလုံးမှ မြို့နယ်အဆင့် ကျောင်းသား (၁)ဦး၊ ကျောင်းသူ (၁)ဦး ရွေးချယ်ခြင်းများကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်သည်။

မြို့နယ်အဆင့် သင်္ချာစွမ်းရည်ပြိုင်ပွဲကို အ.ထ.က (၂၂)တွင် ကျင်းပရာ Grade (5)တွင် (၄၈)ဦး၊ Grade (6)တွင် (၃၇)ဦး၊ Grade (7)တွင် (၃၄)ဦး၊ Grade (8)တွင် (၃၂)ဦး နှင့် Grade (9)တွင် (၂၉)ဦး စုစုပေါင်း (၁၈၀) ဦး မြို့နယ်တွင်းရှိ အခြေခံပညာကျောင်းများနှင့် ကိုယ်ပိုင်ကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများ ပါဝင်ယှဉ်ပြိုင်ရာ ရေးဖြေစာမေးပွဲ အဆင့်(၂)ဆင့်ဖြင့် အတန်းအားလုံးမှ မြို့နယ်အဆင့် ကျောင်းသား(၁)ဦး၊ ကျောင်းသူ (၁)ဦး ရွေးချယ်သွားမည်ဖြစ်သည်။

အဆိုပါ အခြေခံပညာကျောင်းသားကျောင်းသူများ အင်္ဂလိပ်စာစွမ်းရည်ပြိုင်ပွဲနှင့် သင်္ချာစွမ်းရည်ပြိုင်ပွဲများကို ချမ်းအေးသာစံမြို့နယ် တာဝန်ခံမြို့နယ်ပညာရေးမှူး ဒေါ်ချောစုလွင်နှင့် တာဝန်ရှိသူ များ၊ အ.ထ.က (၂၂) ကျောင်းအုပ်ဆရာမကြီး ဒေါ်အေးအေးစိုးနှင့် တာဝန်ကျ ဆရာဆရာမများက ကြီးကြပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထွန်းထွန်းနိုင်