နေပြည်တော် အောက်တိုဘာ ၂၃
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း စားအုန်းဆီတင်သွင်းမှုလျော့ချရေး၊ ဒေသတွင်း စားသုံးဆီဖူလုံရေး၊ ဆီထွက်သီးနှံများ တိုးမြှင့်ကြိတ်ခွဲနိုင်ရေးတို့အတွက် နေပြည်တော်ကြီးကြပ်မှုကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ကောင်စီရုံး၊ အစည်းအဝေးခန်းမ (၂) ၌ကျင်းပရာ နေပြည်တော်ကြီးကြပ်မှု ကော်မတီဥက္ကဋ္ဌ နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်း၊ နေပြည်တော်ကြီးကြပ်မှု ကော်မတီအတွင်းရေးမှူး၊ တွဲဖက်အတွင်းရေးမှူးနှင့် ကော်မတီဝင်များ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများ တက်ရောက်ကြသည်။
ဦးစွာ နေပြည်တော်ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်းက အမှာစကားပြောကြားရာတွင် နေပြည်တော်အတွင်း (မြေပဲ၊ နှမ်း၊ နေကြာ) တိုးချဲ့စိုက်ပျိုးနိုင်ရေးနှင့် တစ်ဧကရည်မှန်းချက်ပန်းတိုင်ထွက်ရှိရေးအတွက် ဘက်စုံလစ်ဟာမှုမရှိစေရေး ဝိုင်းဝန်းဆောင်ရွက် ကြရမှာဖြစ်ကြောင်း၊ ဆီထွက်သီးနှံအမျိုးအစားအလိုက် တိုးမြှင့်စိုက်ပျိုးထုတ်လုပ်နိုင်ရေးအတွက် အစီအမံများရေးဆွဲဆောင်ရွက်ကြရမှာဖြစ်ကြောင်း၊ နေပြည်တော်အတွင်းရှိ ဆီစက်များ၏ လစဉ်ကြိတ်ခွဲထွက်ရှိမှုများကို ပြုစုတင်ပြကြရမှာဖြစ်ကြောင်း၊ စားသုံးဆီတင်သွင်ခြင်းကို နေပြည်တော်အတွင်း ဆီးထွက်သီးနှံများစိုက်ပျိုးမှုနှင့် ဆီကြိတ်ခွဲမှုများ၏ အချက်အလက်များပေါ်မူတည်ပြီး လျှော့သွင်းမည့်အစီအမံများကို ပြုစုတင်ပြကြရမှာဖြစ်ကြောင်း၊ ဒေသတွင်း စားသုံးဆီဖူလုံစေရေးအတွက် ဆီထွက်သီးနှံများ တိုးချဲ့စိုက်ပျိုးရေး၊ ဆီစက်လုပ်ငန်းများ တိုးချဲ့နိုင်ရေး၊ လိုအပ်သည့်ကုန်ကြမ်းများ လုံလောက်စွာရရှိရေး၊ စားသုံးဆီထုတ်လုပ်မှု တိုးတက်ရေးတို့ကို အစီအမံများရေးဆွဲပြီး ဆောင်ရွက်ကြရမှာဖြစ်ကြောင်း၊ ဆီစက်များ စက်စွမ်းအားပြည့် ကြိတ်ခွဲနိုင်ရေးနှင့် ကြိတ်ခွဲထုတ်လုပ်မှု တိုးမြှင့်လာမှုအပေါ်မူတည်ပြီး စားအုန်းဆီများလျှော့ချတင်သွင်း ဆောင်ရွက်သွားနိုင်မှာဖြစ်ကြောင်း၊ ပြည်သူများစားသုံးဆီအား ကျန်းမာရေးနှင့်ညီညွတ်ပြီး ဘေးအန္တရာယ်ကင်းရှင်းစွာ စားသုံးနိုင်ရေးအတွက် အသိပညာပေးပွဲများ၊ ဓာတ်ခွဲစမ်းသပ်ခြင်းများ၊ သတ်မှတ်စံချိန်စံညွှန်းနှင့် ကိုက်ညီမှုရှိစေရေးတို့ကို ဆောင်ရွက်ကြရမှာဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် တက်ရောက်လာကြသည့် နေပြည်တော်ကြီးကြပ်မှုကော်မတီအတွင်းရေးမှူး၊ တွဲဖက်အတွင်းရေးမှူးနှင့် ကော်မတီဝင်များက နေပြည်တော်အတွင်း ဆီထွက်သီးနှံအထူးဇုန်နှင့် ဇုန်ပြင်ပ စိုက်ပျိုးထုတ်လုပ်မှု အခြေအနေများ၊ သီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိရေး၊ သွင်းအားစုများ ရရှိရေး၊ မျိုးကောင်းမျိုးသန့်ရရှိရေး၊ ဈေးကွက်ရရှိရေး ဆောင်ရွက်နေမှု အခြေအနေများ၊ ဒေသအတွင်း စားသုံးဆီဖူလုံစေရေးအတွက် ဆောင်ရွက်မည့်အစီအမံများနှင့် ဆီကြိတ်ခွဲနိုင်မှုအခြေအနေများ၊ အသိပညာပေးပွဲများ ဆောင်ရွက်မည့်အခြေအနေများကို သက်ဆိုင်ရာကဏ္ဍများအလိုက် အသီးသီး ရှင်းလင်းတင်ပြကြသည်။
ထို့နောက် နေပြည်တော်ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်းက တင်ပြချက်များနှင့်စပ်လျဉ်း၍ လိုအပ်သည်များကို ပေါင်းစပ်ဆောင်ရွက်ပေးပြီး နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။
ထွန်းထွန်းဝင်း(ပြန်/ဆက်)