မိုင်းယန်းမြို့၌ (Old Star) ဘောလုံးဖလား ကလပ်ပေါင်းစုံ အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ

မိုင်းယန်း အောက်တိုဘာ ၂၃

ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ မိုင်းယန်းခရိုင်၊ မိုင်းယန်းမြို့နယ်တွင် (Old Star) ဘောလုံးဖလား ကလပ်ပေါင်းစုံ အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၂ နာရီခွဲအချိန်က ဟောကန်ရပ်ကွက်အတွင်းရှိ မြို့မအားကစားဘောလုံးကွင်း၌ ကျင်းပသည်။

အဆိုပါ ဗိုလ်လုပွဲတွင် ဝိန်းလိတ်ရပ်ကွက်အသင်းနှင့် ကျော်ကြီးအသင်းတို့ ယှဉ်ပြိုင်ကစားရာ ဝိန်းလိတ်အသင်းက (၃)ဂိုး၊ ဂိုးမရှိဖြင့် အနိုင်ရဗိုလ်စွဲခဲ့သည်။ ထို့နောက် ဆုပေးပွဲအခမ်းအနား ဆက်လက်ကျင်းပရာ မိုင်းယန်းခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးလင်းသန့်၊ ခရိုင်/ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာများ ပြိုင်ပွဲဖြစ်မြောက်ရေးကော်မတီအဖွဲ့ဝင်များတို့က နေရာအလိုက်အကောင်းဆုံးကစားသမားဆု၊ အကောင်းဆုံးဂိုးသမားဆု၊ ပွဲစဉ်တစ်လျှောက်အကောင်းဆုံးကစားသမားဆု၊ ပွဲစဉ်တစ်လျှောက် အသန့်ရှင်းဆုံးကစားသမားဆုများ အပါအဝင် ပထမဆု၊ ဒုတိယဆု၊ တတိယဆုဖလား၊ ဂုတ်ပြုမှတ်တမ်းလွှာများနှင့် လည်ဆွဲဆု၊ ငွေသားဆုအား အသီးသီးဂုဏ်ပြုဆုချီးမြှင့်ပေးခဲ့ကြကြောင်း သိရသည်။

ထွန်းထွန်းထူး