မန္တလေး အောက်တိုဘာ ၂၃
ဆေးတက္ကသိုလ်-မန္တလေး၊ စာပေနှင့် အနုပညာအသင်း၏ ပထမအကြိမ် "အနုပညာပျိုးခင်း" နံရံကပ်စာစောင်ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက အဆိုပါဆေးတက္ကသိုလ် ဆင်ဝင်အောက်တွင် ကျင်းပပြုလုပ်ရာ ဆေးတက္ကသိုလ်-မန္တလေး၊ ပါမောက္ခချုပ်၊ ပါမောက္ခ ဒေါက်တာမျိုးသက်တင်၊ စာပေနှင့် အနုပညာအသင်းဥက္ကဋ္ဌ၊ ဆေးဝါးဗေဒဌာန၊ ပါမောက္ခဌာနမှုး ဒေါက်တာနွယ်နွယ်သန်းနှင့် ပါမောက္ခ၊ ဌာနမှူးများ၊ စာပေနှင့် အနုပညာအသင်းမှ တာဝန်ရှိသူများ၊ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြသည်။
အစီအစဉ်အရ စာပေနှင့်အနုပညာအသင်းဥက္ကဋ္ဌ ဒေါက်တာနွယ်နွယ်သန်း၊ အတွင်းရေးမှူးများဖြစ်ကြသော မောင်ထက်ဖြိုးအောင်၊ မဝင်းလဲ့လဲ့မောင်တို့က နံရံကပ်စာစာင်အား ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးကြသည်။ ထို့နောက် ပါမောက္ခချုပ်နှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများက "အနုပညာပျိုးခင်း" နံရံကပ်စာစောင်များကို လှည့်လည်ကြည့်ရှုအားပေးကြသည်။
အဆိုပါ “အနုပညာပျိုးခင်း"နံရံကပ်စာစောင်ပြပွဲတွင် ကာတွန်း (၉) ပုဒ်၊ ဆောင်းပါး (၇) ပုဒ်၊ စာညွှန်း (၁) ပုဒ်၊ ကဗျာအပုဒ် (၂၀) နှင့် ဝတ္ထုတို (၅) ပုဒ်၊ စုစုပေါင်း (၃၈) ပုဒ်ကို စာမူရွေးချယ်ရေးအဖွဲ့က စိစစ်ရွေးချယ်ကာ ပြသထားခြင်းဖြစ်ကြောင်း သိရသည်။
အောင်စံ(ပြန်/ဆက်)