သထုံ အောက်တိုဘာ ၂၂
မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် စက်မှုလယ်ယာဦးစီးဌာန၊ အမှတ် (၇) အလတ်စားစက်ပြင်အလုပ်ရုံမှ စီစဉ်ဖွင့်လှစ်သည့် လယ်ယာသုံးစက်ကိရိယာ မောင်းနှင်ထိန်းသိမ်းမှု အခြေခံသင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်က မြေနီကုန်းကျေးရွာရှိ စိုက်ပျိုးရေးနှင့် မွေးမြူရေးသိပ္ပံ(သထုံ)ကျောင်း ခန်းမ၌ ကျင်းပပြုလုပ်သည်။
အခမ်းအနားတွင် ရှေးဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲနိုင်က ယနေ့ကာလသည် လက်မှုလယ်ယာမှ စက်မှုလယ်ယာသို့ကူးပြောင်းနေပြီဖြစ်ရာ တောင်သူများလက်ဝယ်၌ လယ်ယာသုံးစက်ကိရိယာများ ရှိနေပြီဖြစ်ကြောင်း တောင်သူများအနေဖြင့် လက်ဝယ်ရှိသည့် လယ်ယာသုံးစက်ကိရိယာများကို စနစ်တကျမောင်းနှင်ထိန်းသိမ်းတတ်ရန် လိုအပ်ပါကြောင်း ယခုဖွင့်လှစ်သည့်သင်တန်းကို စနစ်တကျလေ့လာသင်ယူပြီး ပြန်လည်ဖြန့်ဖြူးပေးခြင်းဖြင့် မိမိတို့၏ရပ်ရွာအကျိုးကို သယ်ပိုးဆောင်ရွက်ကြစေလိုပါကြောင်း သင်တန်းဖွင့် အမှာစကားပြောကြားသည်။
ယင်းနောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဦးမောင်မောင်မြင့်က သင်တန်းသားများထံ သင်ထောက်ကူပစ္စည်းများ ပေးအပ်ကာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲဝင်များ၊ တာဝန်ရှိသူများနှင့် သင်တန်းသားများစုပေါင်း၍ မှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခဲ့ကြသည်။
အဆိုပါသင်တန်းတွင် ဒေသတွင်း လယ်ယာလုပ်ငန်းခွင်များ၌ အသုံးပြုမှုများသည့် တစ်လုံးထိုးလက်တွန်းထွန်စက်၊ ထွန်စက်ကြီး၊ ရိတ်ခြွေစက်နှင့် ကောက်စိုက်စက်များအား စနစ်တကျမောင်းနှင်ခြင်း ပြုပြင်ထိန်းသိမ်းခြင်းများကို တောင်သူစုစုပေါင်း (၃၀) ဦးတို့အား စက်မှုလယ်ယာဦးစီးဌာန၊ အမှတ် (၇) အလတ်စားစက်ပြင်အလုပ်ရုံမှ ကျွမ်းကျင်နည်းပြများက (၄) ပတ်ကြာ စာတွေ့လက်တွေ့သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)