မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးမျိုးအောင် တိုင်းဒေသကြီးအတွင်း ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်ပွားမှုနှင့် ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများနှင့်စပ်လျဉ်း၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့တက်ရောက်

ချမ်းအေးသာစံ အောက်တိုဘာ ၂

မန္တလေးတိုင်းဒေသကြီးအတွင်း ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်ပွားမှုနှင့် ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများနှင့်စပ်လျဉ်း၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲပိုင်းက မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးအစည်းအဝေးခန်းမတွင်ကျင်းပရာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးမျိုးအောင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန်ရှိသူများ၊ တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်ဒေါက်တာဝင်းနိုင်၊ ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနရှိ ဆက်နွယ်ဌာနများမှ ညွှန်ကြားရေးမှူးများနှင့်တာဝန်ရှိသူများ၊ ဆေးရုံအုပ်ကြီးများ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများနှင့် တိုင်းဒေသကြီးပညာရေးမှူး ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးထွန်း၊ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာများမှတာဝန်ရှိသူများ၊ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းကော်မတီမှ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားရာတွင် တိုင်းဒေသကြီးအတွင်းဖြစ်ပွားနေသော ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါများ ကူးစက်ပြန့်ပွားမှုမရှိစေရေး ကာကွယ်ထိန်းချုပ်နိုင်ရေးလုပ်ငန်းများကို ထိရောက်စွာဆောင်ရွက်သွားနိုင်ရန် ယခုအစည်းအဝေးကို ခေါ်ယူရခြင်းဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးအတွင်း ပြင်ထန်းဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်ပွားမှုနှင့်ပတ်သက်၍ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ အားဖြည့်ဆောင်ရွက်နိုင်ရန်အတွက် ပြင်ထန်းဝမ်းပျက်ဝမ်းလျှောရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းကော်မတီအား ဖွဲ့စည်းတာဝန်ပေးအပ်ပြီး ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးအတွင်းရှိ ဖြစ်ပွားမှု အခြေအနေများနှင့်ပတ်သက်၍ တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန၏ အချက်အလက်များအရ ခရိုင် ၁၁ ခရိုင်အနက် ခရိုင် ၁၀ ခုတွင် ဖြစ်ပွားနေပြီးအဖြစ်အများဆုံးမှာ မဟာအောင်မြေခရိုင်နှင့် ဒုတိယအဖြစ်အများဆုံးမှာ အောင်မြေသာစံခရိုင်တို့ဖြစ်ပါကြောင်း၊ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါသည် ကူးစက်မှုမြန်ဆန်ပြီး ရောဂါပိုးရှိသော မသန့်ရှင်းသောသောက်သုံးရေ၊ အစားအစာ၊ လက်၊ အိမ်သာမှတဆင့် ကူးစက်ခြင်းဖြစ်ပါကြောင်း၊ ပြည်သူလူထုကျန်းမာရေးအတွက် ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ရာ၌ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းစဉ်များတွင် ပိုမိုထိရောက်အောင်မြင်အောင် အသိပညာပေးခြင်း၊ ကွင်းဆင်းစစ်ဆေးခြင်းနှင့် ထိရောက်သည့်အရေးယူဆောင်ရွက်ခြင်းများကို နှီးနွယ်ဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း၊ ကျန်းမာရေးဌာနတစ်ခုတည်းဖြင့်သာမက နှီးနွယ်ဌာနပေါင်းစုံတို့မှ အလေးထားပါဝင်ဆောင်ရွက်ရမည့်အပြင် ပြည်သူများ၏ လိုက်နာပူးပေါင်းဆောင်ရွက်မှုများစွာ လိုအပ်ပါကြောင်းပြောကြားခဲ့သည်။

၎င်းနောက် ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့၊ လူမှုရေးရာဝန်ကြီးဦးအောင်ကျော်မိုး၊ ဒုတိယဥက္ကဋ္ဌ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အတွင်းရေးမှူး ဦးဝေဇင်ထွန်းနှင့်အဖွဲ့ဝင်များက တိုင်းဒေသကြီးအတွင်း ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်ပွားနေမှုအခြေအနေများ၊ ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုများ၊ ပြည်သူ့ဆေးရုံများ၊ ဈေးများ၊ ကျောင်းများ၊ ဘုန်းကြီးကျောင်းများအပါအဝင် လူအများအပြား စုဝေးရာနေရာများတွင် ရောဂါကူးစက်ပျံ့နှံမှုများ မရှိစေရေး ကာကွယ်ထိန်းချုပ်ရန် ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ကဏ္ဍအလိုက်ရှင်းလင်းတင်ပြကြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

ထွန်းထွန်းနိုင်