နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး နေပြည်တော်အတွင်း အုပ်ချုပ်ရေး၊ စီးပွားရေး၊ လူမှုရေးကဏ္ဍများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဌာနဆိုင်ရာများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်ရောက်

နေပြည်တော် အောက်တိုဘာ ၂၂

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း အုပ်ချုပ်ရေး၊ စီးပွားရေး၊ လူမှုရေးကဏ္ဍများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဌာနဆိုင်ရာများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ကောင်စီရုံး၊ အစည်းအဝေးခန်းမ ( ကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီ ခေတ္တအမြဲတမ်းအတွင်းဝန်၊ နေပြည်တော်အဆင့်ဌာနဆိုင်ရာများ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများ တက်ရောက်ကြသည်။

ဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက အမှာစကားပြောကြားရာတွင် နေပြည်တော်အတွင်း စိုက်ပျိုး မွေးမြူရေးလုပ်ငန်းများကို စနစ်တကျ ဆောင်ရွက်ရေး၊ စာရေးရိက္ခာ ဖူလုံရေးအတွက် စိုက်ဧကများအလိုက် ပန်းတိုင်ရည်မှန်းချက် ပြည့်မီအောင် စိုက်ပျိုးရေး၊ သီးထပ် စွမ်းအား ရာနှုန်းပြည့်စိုက်ပျိုးနိုင်ရေးတို့ကို အလေးထားဆောင်ရွက်စေလိုကြောင်း၊ ဒေသတွင်း စားသုံးဆီ ဖူလုံစေရေးအတွက် ဆီထွက်သီးနှံများ တိုးချဲ့စိုက်ပျိုးရေး၊ ချည်မျှင်ချည်ဝါ တိုးချဲ့စိုက်ပျိုး ရေးတို့ကို ဆောင်ရွက်ကြရမှာဖြစ်ကြောင်း၊ မွေးမြူရေးလုပ်ငန်းများကို ခေတ်မီမွေးမြူရေးစနစ်ဖြင့် မွေးမြူရေးနှင့် ဒေသအလိုက် ထုတ်လုပ်မှုကဏ္ဍများ တိုးတက်အောင် ဆောင်ရွက်သွားရမှာ ဖြစ်ကြောင်း၊ စားသုံးကုန်ပစ္စည်းများကို ဒေသတွင်းလုံလောက်စွာ ထုတ်လုပ်နိုင်ရေးအတွက် အသေးစား၊ အငယ်စားနှင့် အလတ်စား MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးကို အားပေးဆောင်ရွက်ကြရမှာဖြစ်ကြောင်း၊ ပြည်တွင်းထုတ်လုပ်မှု တိုးတက်အောင် ဆောင်ရွက်ပြီး ပြည်ပသို့ တင်ပို့ရောင်းချနိုင်ရေး ကြိုးပမ်းဆောင်ရွက်ကြရမှာဖြစ်ကြောင်း၊ One Region One Product (OROP) ထုတ်ကုန်ပစ္စည်းများ တိုးမြှင့်ထုတ်လုပ်ရေးကို ဆောင်ရွက်ကြရမှာဖြစ်ကြောင်း၊ ရေကြီးရေလျှံမှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် လယ်ယာမြေများ အမြန်ဆုံးပြန်လည် စိုက်ပျိုးနိုင်ရေး၊ လိုအပ်သည့်ကုစားမှုများ လုပ်ဆောင်ကြရမှာဖြစ်ကြောင်း၊ ရေထုတ်မြောင်း၊ ရေဆိုးထုတ်မြောင်းများတွင် ရေစီးရေလာကောင်းမွန်ရေးကို အလေးထားဆောင်ရွက်ရမှာဖြစ်ကြောင်း၊ ကျောင်းနေအရွယ် ကလေးများအားလုံး KG+9 အထိ မဖြစ်မနေ ကျောင်းတက်ရောက်ပညာသင်ကြားနိုင်ရေး၊ အမှန်တကယ် စာတတ်မြောက်အောင် သင်ကြားပေးနိုင်ရေးနှင့် စဉ်ဆက်ပညာရေးကို တိုးချဲ့အကောင်အထည်ဖော်ဆောင်ရွက်ကြရ မှာဖြစ်ကြောင်း၊ နေပြည်တော်အတွင်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် စီမံကိန်း လုပ်ငန်းများ ဆောင်ရွက်ရာတွင် ကိန်းဂဏန်းအချက်အလက်များ မှန်ကန်စေရေး၊ ကဏ္ဍအလိုက် လုပ်ငန်းများ အချိန်မီပြီးစီးအောင်ဆောင်ရွက်နိုင်ရေးတို့ကို အလေးထားဆောင်ရွက်စေလိုကြောင်း၊ သစ်တောသစ်ပင်များရှင်သန်ရေးနှင့် သစ်တောပြုန်းတီးမှုမရှိစေရေးကို အလေးထားဆောင်ရွက်ရမှာဖြစ်ကြောင်း၊ နေပြည်တော်အတွင်း သန့်ရှင်းသာယာလှပရေးကို အလေးထားဆောင်ရွက်စေလိုကြောင်း၊  နေပြည်တော်အတွင်း ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် အားလုံးက သက်ဆိုင်ရာ ကဏ္ဍများအလိုက် ဝိုင်းဝန်းပူးပေါင်းကြိုးစား ဆောင်ရွက်ကြရမှာဖြစ် ကြောင်း ပြောကြားသည်။

ထို့နောက် နေပြည်တော်ကောင်စီ အတွင်းရေးမှူး ဦးညီညီမင်းက ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ရမည့် လုပ်ငန်းများကို ရှင်းလင်းတင်ပြသည်။

ယင်းနောက် ဌာနဆိုင်ရာတာဝန်ရှိသူများက နေပြည်တော်အတွင်း စိုက်ပျိုးရေးနှင့် မွေးမြူရေး ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ၊ စီမံကိန်းရည်မှန်းချက်များ အကောင်အထည်ဖော်ဆောင်ရွက်မှုလုပ်ငန်းများ၊ စက်မှုဇုန်လုပ်ငန်းများ၊ အသေးစား အငယ်စား အလတ်စားလုပ်ငန်းများနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများကို သက်ဆိုင်ရာကဏ္ဍများအလိုက် အသီးသီးရှင်းလင်းတင်ပြကြသည်။

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက တင်ပြချက်များနှင့် စပ်လျဉ်း၍ လိုအပ်သည်များကို ပေါင်းစပ်ဆောင်ရွက်ပေးပြီး နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။

ထွန်းထွန်းဝင်း(ပြန်/ဆက်)