ကျိုင်းလပ် အောက်တိုဘာ ၂၂
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ ကျိုင်းလပ်မြို့၌ မြို့အုပ်ချုပ်ရေးမှူးဖလား ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲ(၂)နာရီအချိန်က ဝမ်လုံရပ်ကွက်ရှိ ဘောလုံးကွင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ထို့နောက် အခမ်းအနားတွင် ကျိုင်းလပ်မြို့ ခေတ္တမြို့အုပ်ချုပ်ရေးမှူး ဦးလင်းလင်းအောင်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ပြိုင်ပွဲဝင်အသင်းများဖြစ်ကြသော မိုင်းပါလျိုး၊ နမ့်ဆီးအာခါ(ထက်)၊ ဝမ်လုံ၊ နမ့်ဖောင်၊ နမ့်ခင်း၊ နမ့်ငေါ့၊ ဝမ်ကျင်း၊ ကျာခမ်းတဲစသည့် ဘောလုံးအသင်း (၈)သင်းတို့က (၂၁.၁၀.၂၀၂၄) ရက်နေ့မှ (၂၇.၁၀.၂၀၂၄) ရက်နေ့အထိ ယှဉ်ပြိုင် ကစားသွားကြမည် ဖြစ်ပြီး (၂၈.၁၀.၂၀၂၄) ရက်နေ့မှ(၂၉.၁၀.၂၀၂၄)ရက်နေ့တွင် ဆီမီးဖိုင်နယ် ကစားမည်ဖြစ်ပြီး (၃၀.၁၀.၂၀၂၄)ရက်နေ့တွင် ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ဆက်လက်ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ မြို့အုပ်ချုပ်ရေးမှူးဖလား ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားသို့ ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး ရှမ်း၊ လားဟူ၊ အာခါတိုင်းရင်းသူလေးများက တိုင်းသားရိုးရာ အကအလှများဖြင့် ကပြဖျော်ဖြေပေးခဲ့ကြသည်။
စန်းစန်းမြင့်(ပြန်/ဆက်)