ကချင်ပြည်နယ်ဝန်ကြီးချုပ် ၂၀၂၄ ခုနှစ်၊ ကချင်ပြည်နယ်ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌဖလား အသက် (၂၀)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်အားပေးချီးမြှင့်

မြစ်ကြီးနား အောက်တိုဘာ ၂၂

ကချင်ပြည်နယ်အနေဖြင့် ၂၀၂၄ ခုနှစ်၊ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်တွင် အားကစားနည်းများအလိုက် ဝင်ရောက်ယှဉ်ပြိုင်၍ အောင်မြင်မှုရရှိရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ယမန်နေ့ညနေ ၃ နာရီအချိန်က ပြည်နယ်ပြည်သူ့အားကစားကွင်းအတွင်း၌ ကချင်ပြည်နယ်ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌဖလား အသက်(၂၀)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့သည်။

ဖွင့်ပွဲအခမ်းအနားသို့ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် ဇနီးဒေါ်နန်ဆိုင်း၊ ပြည်နယ် တရားလွှတ်တော်တရားသူကြီးချုပ် ဦးတူးဂျာ၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီး များ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်အားပေးခဲ့ကြပြီး ဘောလုံးပြိုင်ပွဲကို ကချင်ပြည်နယ်အတွင်းရှိ ဘောလုံးကလပ်ပေါင်းစုံမှ ပြိုင်ပွဲဝင် အသင်း(၇)သင်း ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ရာ ကချင်ပြည်နယ်ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးလအောင်က ကချင်ပြည်နယ်၏ ဘောလုံးအားကစားဖွံ့ဖြိုးတိုးတက်လာစေရေး၊ လူငယ်လက်ရွေးစင်ကစားသမား အမြောက်အများ ပေါ်ထွန်းလာစေရေးနှင့် အမျိုးသားအားကစားပွဲတော်အတွက် လူငယ်ကစားသမားများ ရွေးချယ်ဆောင်ရွက်သွားမည့် အစီအစဉ်များ၊ ပြိုင်ပွဲများကျင်းပပြုလုပ်ပေးရသည့် ရည်ရွယ်ချက်များကို  ရှင်းလင်းတင်ပြ သည်။

ထို့နောက် ဘောလုံးကွင်းအတွင်းရှိ ဘောလုံးအသင်း အုပ်ချုပ်သူ/နည်းပြနှင့် ကစားသမားများအား ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများနှင့် ပြည်နယ်ဘောလုံးအဖွဲ့ဥက္ကဋ္ဌတို့က ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်အားပေးခဲ့ကြပြီး ဘောလုံးများကို ထောက်ပံ့‌ပေးအပ်ခဲ့ကြသည်။

ယင်းနောက် အကအဖွဲ့များ၊ စက်ဘီးအဖွဲ့တို့၏ ဖျော်ဖြေတင်ဆက်မှုကို ကြည့်ရှုအားပေးခဲ့ကြကာ ပြည်နယ်ဝန်ကြီးများက ဖျော်ဖြေရေးအဖွဲ့များအတွက် ချီးမြှင့်ထောက်ပံ့ငွေများကို ထောက်ပံ့ပေး အပ်ပြီး အဖွင့်ပွဲစဉ်အဖြစ် မန်ခိန်အသင်းနှင့် မလိခအသင်းတို့၏ ယှဉ်ပြိုင်ကစားမှုကို ကြည့်ရှုအားပေးခဲ့ကြသည်။

အဆိုပါ ဘောလုံးပြိုင်ပွဲကို ခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာန၊ မြို့ပေါ်ရပ်ကွက်များ၊ ကလပ်အသင်းများမှ ဘောလုံးအသင်းပေါင်း (၇) ဝင်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်ပြီး အဆိုပါ ပြိုင်ပွဲဝင် ဘောလုံးအသင်းများမှ လူငယ်ကစားများအား စိစစ်‌ရွေးချယ်ပြီး ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလအတွင်း ကျင်းပပြုလုပ်မည့် ပဉ္စမအကြိမ်မြောက် အမျိုးသား အားကစားပွဲတော်တွင် ပြည်နယ်ကိုယ်စားပြု ယှဉ်ပြိုင်အောင်နိုင်မှုရရှိရေးအတွက် စခန်းသွင်းလေ့ကျင့်သွားမည်ဖြစ်ကြောင်းနှင့် ကချင်ပြည်နယ်အနေဖြင့် ဘောလုံးအားကစားနည်းတွင် ယခုနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ်အသက် (၂၁)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲတွင် (၁၆)နှစ်ကြာ ဝေးကွာခဲ့သော ဘောလုံးတံခွန်စိုက် ဒိုင်းဆုကို ဆွတ်ခူးရရှိခဲ့ကြောင်း သိရသည်။

ပြည်နယ်(ပြန်/ဆက်)