ချောင်းဆုံမြို့နယ်၌ ဆောင်းရာသီ ဆီထွက်သီးနှံ (၄၀၅၄) ဧကစိုက်ပျိုးသွားမည်

ချောင်းဆုံ အောက်တိုဘာ ၂၂

မွန်ပြည်နယ် ချောင်းဆုံမြို့နယ်ရှိ ရာသီအလိုက် သီးနှံမျိုးစုံစိုက်ပျိုးကြသည့် တောင်သူများအနေဖြင့် ဒေသတွင်း စာသုံးဆီဖူလုံရန်နှင့် မိသားစု ဝင်ငွေတိုးပွားစေရန်အတွက် လာမည့်ဆောင်းသီးနှံ စိုက်ပျိုးရာသီတွင် ဆီထွက်သီးနှံ (၄၀၅၄) ဧက စိုက်ပျိုးနိုင်ရန်အတွက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ လျာထားဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မြို့နယ်အတွင်း  ယခင်နှစ်စိုက်ပျိုးရာသီတွင် ဆီထွက်သီးနှံ (၃၄၁၆) ဧက စိုက်ပျိုးနိုင်ခဲ့ပြီး လာမည့်ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် ဆီထွက်သီးနှံ နေကြာ (၃၉၃၇) ဧက၊ မြေပဲ (၁၀၆) ဧက နှင့် နှမ်း (၁၁) ဧက စုစုပေါင်း (၄၀၅၄) ဧက စိုက်ပျိုးနိုင်ရန် လျာထားဆောင်ရွက်လျက်ရှိပြီး တောင်သူများ အချိန်မီစိုက်ပျိုးနိုင်ရေး နှင့် သီးနှံအထွက်တိုး အောင်မြင်ဖြစ်ထွန်းရေးအတွက် လိုအပ်သည့် မျိုးစေ့၊ စိုက်ပျိုးရေးနည်းပညာနှင့် အထောက်အပံ့များကို တာဝန်ရှိသူများမှ ပံ့ပိုးကူညီဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။

ကိုကျော်(ချောင်းဆုံ)