ဟိုပုံးမြို့နယ် မဲနယ်တောင်ဒေသနှင့် ပုံးအင်းဒေသရှိ ရေဘေးသင့်ပြည်သူများအတွက် စားနပ်ရိက္ခာ၊ အသုံးအဆောင်ပစ္စည်းများနှင့် ထောက်ပံ့ငွေပေးအပ်လှူဒါန်းပွဲသို့ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရေဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌတက်ရောက်

ဟိုပုံး အောက်တိုဘာ ၂

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် မဲနယ်တောင်ဒေသရှိ ရေဘေးသင့်ပြည်သူများအတွက် စားနပ်ရိက္ခာ၊ အသုံးအဆောင်ပစ္စည်းများနှင့် ထောက်ပံ့ငွေများကို အလှူရှင်များက အောက်တိုဘာလ(၂၁)ရက်နေ့ နံနက်ပိုင်းက စံဖူးကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် ပေးအပ်လှူဒါန်းခဲ့ကြသည်။

ထိုသို့ ထောက်ပံ့ပေးအပ်ရာတွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ရဲထွေးနှင့် အဖွဲ့ဝင်များ၊ ဟိုပုံးတပ်နယ်မှူး ဗိုလ်မှူးချုပ်သိန်းနိုင်နှင့် တာဝန်ရှိသူများ လိုက်ပါ၍ ကမ္ဘောဇဖောင်ဒေးရှင်းနှင့် ရှမ်းတောင်ပြည်သူလူထုစားနပ်ရိက္ခာ ထောက်ပံ့ရေးကော်မတီတို့က စံဖူးဘုန်းတော်ကြီးကျောင်းတွင် ဆရာတော်၊ သံဃာတော်များအား သွားရောက်ဖူးမြော်ကာ ရေဘေးသင့်ကျေးရွာများဖြစ်သည့် စံဖူးကျေးရွာ၊ နောင်စုံကျေးရွာ၊‌ ကျောက္ကချားကျေးရွာ၊ တလျနိုးကျေးရွာ၊ ထမ်းအယ်ကျေးရွာ၊ ဗန်းစောက်ကျေးရွာ၊ လိုက်ကန်ကျေးရွာတို့မှ ရေဘေးသင့်ပြည်သူများနှင့်တွေ့ဆုံ၍ အားပေးစကားပြောကြားပြီးနောက် ရေဘေးသင့်ပြည်သူများအတွက် ကမ္ဘောဇဖောင်ဒေးရှင်းမှ ငွေကျပ်သိန်း(၁၀၀၀)ကိုလည်းကောင်း၊ ကမ္ဘောဇဖောင်ဒေးရှင်းနှင့် ရှမ်းတောင်ပြည်သူလူထု စားနပ်ရိက္ခာထောက်ပံ့ရေးကော်မတီတို့က ရေဘေးသင့်ပြည်သူများအတွက် စားနပ်ရိက္ခာ၊ အသုံးအဆောင်ပစ္စည်းများနှင့် စက်သုံးဆီတို့ကိုလည်းကောင်း လှူဒါန်းပေးပြီး ကမ္ဘောဇဖောင်ဒေးရှင်းမှ မြန်မာနိုင်ငံလုံးဆိုင်ရာ စတုတ္ထအကြိမ်မြောက် နာဂပုရသာသနာလင်္ကာရ သာမဏေကျော်စာမေးပွဲအတွက် ငွေကျပ်သိန်း(၁၀၀၀)တိုကိုပေးအပ်ရာ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲဥက္ကဋ္ဌ ဦးခွန်ရဲထွေး၊ ဟိုပုံးတပ်နယ်မှူး ဗိုလ်မှူးချုပ်သိန်းနိုင်နှင့် တာဝန်ရှိသူများက လက်ခံရယူကြသည်။

ထို့နောက် ဟိုပုံးတပ်နယ်မှူးဗိုလ်မှူးချုပ်သိန်းနိုင်နှင့် တာဝန်ရှိသူများလိုက်ပါ၍ ကမ္ဘောဇဖောင်ဒေးရှင်းနှင့် ရှမ်းတောင်ပြည်သူလူထုစားနပ်ရိက္ခာ ထောက်ပံ့ရေးကော်မတီတို့သည် မွန်းလွဲပိုင်းတွင် ပုံးအင်းဒေသရှိ ဝမ့်ခွန်းကျေးရွာဘုန်းတော်ကြီးကျောင်းသို့ ရောက်ရှိ၍ ဆရာတော်အား ဖူးမျှော်ကြည်ညိုကာ ရေဘေးသင့်ပြည်သူများနှင့်တွေ့ဆုံ၍ အားပေးစကား ပြောကြားခဲ့သည်။ ယင်းနောက်ကမ္ဘောဇဖောင်ဒေးရှင်းမှ ပုံးအင်းဒေသရှိ စပါးပျက်စီးဧက(၄၂၁၁)အတွက် ငွေကျပ်သိန်း (၂၁၀၅)တို့ကိုလည်းကောင်း၊ ကမ္ဘောဇဖောင်ဒေးရှင်းနှင့် ရှမ်းတောင်ပြည်သူလူထုစားနပ်ရိက္ခာ ထောက်ပံ့ရေးကော်မတီတို့က စားနပ်ရိက္ခာနှင့် အသုံးအဆောင်ပစ္စည်းများကိုပေးအပ်ရာ တာဝန်ရှိသူများက လက်ခံရယူခဲ့ပြီး ရှမ်းတောင်ပရဟိတညီနောင်များကွန်ရက်မှ ရေးဘေးသင့်ပြည်သူများအတွက် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ဟိုပုံးမြို့နယ်တွင် စက်တင်ဘာလ(၁၀)ရက်နေ့တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြို့ပေါ်ရပ်ကွက် (၆) ခုနှင့် ကျေးရွာပေါင်း (၃၀) တို့တွင် ရေဘေးအန္တရာယ်ကြောင့် သေဆုံးသူ (၂၆) ဦး၊ ထိခိုက်ပျက်စီးခဲ့သည့် နေအိမ်(၂၆၄)အိမ်ရှိပြီး လမ်း၊ တံတားများ၊ တိရစ္ဆာန်များနှင့် စိုက်ခင်းများ ပျက်စီးဆုံးရှံးခဲ့ရာ တာဝန်ရှိသူများက ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်ပေးလျက်ရှိပြီး ရပ်နီး/ရပ်ဝေးဒေသများမှ အလှူရှင်များကလည်း မဲနယ်တောင်ဒေသနှင့် ပုံးအင်းဒေသရှိ ရေဘေးသင့်ပြည်သူများအတွက် စားသောက်ဖွယ်ရာများ၊ အသုံးအဆောင်ပစ္စည်းများနှင့် ထောက်ပံ့ငွေများ လာရောက်လှူဒါန်းပေးလျက်ရှိကြောင်းသိရသည်။

ပအိုဝ်းဒေသ(ပြန်/ဆက်)