မော်လမြိုင် အောက်တိုဘာ ၂၂
မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်တွင် မြို့နယ်စက်မှုလယ်ယာဦးစီးဌာနက ဖွင့်လှစ်သည့်လယ်ယာသုံး စက်ကိရိယာမောင်းနှင်ထိန်းသိမ်းမှု အခြေခံသင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ကြာအင်းကျေးရွာအုပ်စု အမှတ် (၅၄) စက်မှုလယ်ယာစခန်း၌ ကျင်းပခဲ့သည်။
အခမ်းအနားတွင် ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်ယုက သင်တန်းအဖွင့်အမှာစကားပြောကြားပြီး မြို့နယ်စက်မှုလယ်ယာဦးစီးဌာနမှူး ဦးအောင်ကျော်ဇင်က သင်တန်းဖွင့်လှစ်ပေးရသည့်ရည်ရွက်ချက်နှင့် သင်တန်း၏အကျိုးကျေးဇူးများကို ရှင်းလင်းပြောကြားသည်။
ယင်းနောက် ပြည်နယ်/ခရိုင် စက်မှုလယ်ယာဦးစီးမှူးတို့မှ သင်တန်းသားများအတွက် သင်ရိုးညွှန်းတမ်းစာအုပ်များနှင့် စာရေးကိရိယာများကို သင်တန်းသားများထံ ပေးအပ်ခဲ့ပြီး ခင်းကျင်းပြသထားသော စက်ကိရိယာပစ္စည်းများအား ကြည့်ရှုခဲ့သည်။
အဆိုပါသင်တန်းတွင် ဒေသတွင်းလယ်ယာလုပ်ငန်းခွင်များ၌ အသုံးပြုမှုများသည့် တစ်လုံးထိုးလက်တွန်းထွန်စက်၊ ထွန်စက်ကြီး၊ ရိတ်ခြွေစက်နှင့် ကောက်စိုက်စက်များအား စနစ်တကျမောင်းနှင်ခြင်း၊ ပြုပြင်ထိန်းသိမ်းခြင်းများကို သင်တန်းသား (၃၀) ဦးတို့အား စက်မှုလယ်ယာဦးစီးဌာနမှ ကျွမ်းကျင်နည်းပြများက အောက်တိုဘာလ (၂၁) ရက်နေ့မှ နိုဝင်ဘာလ (၁) ရက်နေ့အထိ စာတွေ့လက်တွေ့ (၁၂) ရက်ကြာ သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ခင်စန်းမြင့်(ပြန်/ဆက်)