ညောင်ဦး အောက်တိုဘာ ၂၂
တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပညာတတ်လူငယ်မောင်မယ်များနှင့်လူ့စွမ်းအားအရင်းအမြစ်များ လိုအပ်သည်နှင့်အညီ ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် ကျောင်းသားလူငယ်များအား စာဖတ်သည့်အလေ့အထတွင် ပျော်မွေ့လာစေရန်အတွက် မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ယမန်နေ့နံနက် ၁၀ နာရီအချိန်က လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပခဲ့ကြောင်း သိရသည်။
လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ကျင်းပရေးဦးစီးကော်မတီဥက္ကဋ္ဌ ဦးစောထွန်းဝင်းကအဖွင့်အမှာစကားပြောကြားပြီး အဖွဲ့ဝင်(၁)၊ ဒုတိယဗိုလ်မှူးကြီးမျိုးခိုင်ဝင်းက ဖြည့်စွက်ဆွေးနွေးပြောကြားသည်။ ပြီးနောက် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ကျင်းပရေးဦးစီးကော်မတီ အတွင်းရေးမှူးဦးဇော်ဌေးအောင်က စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်တွင် ထည့်သွင်းကျင်းပမည့် စာပေပြိုင်ပွဲများ၊ အားကစားပြိုင်ပွဲများ၊ စာအုပ်ပြပွဲ၊ နံရံကပ်စာစောင်ပြသမည့်နေရာနှင့် အခမ်းအနားဖွင့်ပွဲကျင်းပမည့် လုပ်ငန်းအသေးစိပ်အား Power Point ဖြင့် ရှင်းလင်းပြောကြားသည်။ ထို့နောက် တက်ရောက်လာသည့် လုပ်ငန်းကော်မတီအသီးသီးမှ ဌာနဆိုင်ရာများက ရှင်းလင်းတင်ပြကြသည်။ အဆိုပါ ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်အား အောက်တိုဘာလ ၂၅ ရက်နေ့တွင် ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
ဒီပါလင်း