မိတ္ထီလာမြို့နယ်တွင် ဒီဂျစ်တယ်စနစ်သုံး Mobile Financial Payment ဖြင့် မြစိမ်းရောင်ကျေးရွာစီမံကိန်း ရန်ပုံငွေများ (ဒုတိယ) အကြိမ် ထုတ်ချေး

မိတ္ထီလာ အောက်တိုဘာ ၂၂

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်၊ တောမကျေးရွာအုပ်စု၊ တောမကျေးရွာတွင် ဒီဂျစ်တယ်စနစ်သုံး Mobile Financial Payment ဖြင့် မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေများ (ဒုတိယ) အကြိမ် ထုတ်ချေးခြင်းကို ယမန်နေ့က အဆိုပါကျေးရွာတွင် ကျင်းပခဲ့ကြောင်း သိရသည်။

မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေ ထုတ်ချေးပေးရာတွင် မိတ္ထီလာမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးချမ်းငြိမ်းဝင်းက တောမကျေးရွာအုပ်စု၊ တောမကျေးရွာရှိ ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းရရှိပြီး မိသားစုဝင်ငွေတိုးပွါးလာစေရန်နှင့် တိုးပွားလာသော ရန်ပုံငွေများဖြင့် ကျေးရွာအတွက် အမှန်တကယ်လိုအပ်သည့် ဖွံ့ဖြိုးရေးလုပ်ငန်းများ လုပ်ကိုင်နိုင်စေရန် ရည်ရွယ်၍ မြစိမ်းရောင်ကျေးရွာစီမံကိန်းအား Citizens Bank နှင့် ပူးပေါင်း၍ Mobile Financial Paymentစနစ်ဖြင့် (ဒုတိယ) အကြိမ်မြောက် ထုတ်ချေးခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။ ၎င်းနောက် ဦးစီးအရာရှိ ဒေါ်နှင်းအိထွေးက စီမံကိန်းအကြောင်းအရာများ၊ အတိုးနှုန်းနှင့် ကာလသတ်မှတ်ချက်များ၊ ချေးငွေထုတ်ချေးရာတွင် လိုက်နာရမည့် စည်းကမ်းချက်များအား ရှင်းလင်းပြောကြား သည်။

ထို့နောက် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ အနီးကပ်ကြီးကြပ်မှုဖြင့် Citizens Bank မှ တာဝန်ရှိသူများက တောမကျေးရွာတွင် စိုက်ပျိုး ရေးလုပ်ငန်း လုပ်ကိုင်သူ ၃၂ ဦး ငွေကျပ် ၁၄.၆၅ သန်း၊  ‌မွေးမြူရေးလုပ်ငန်း လုပ်ကိုင်သူ ဦး၂၇ ဦး ငွေကျပ် ၆.၇၅ သန်း၊ အရောင်းအဝယ်လုပ်ငန်းလုပ်ကိုင်သူ ၄၉ဦး ငွေကျပ် ၁၀.၆၅ သန်း၊ စုစုပေါင်း ၁၀၈ ဦးအား ငွေကျပ် ၃၂.၀၅ သန်းအား အသီးသီး ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။

သိန်းမြင့်ကျော်(မိတ္ထီလာ)