ကျောက်ပန်းတောင်း အောက်တိုဘာ ၂၂
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၏ဦးဆောင်မှုဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပမည့် ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်အကြို ကဗျာရွတ်၊ ပုံပြောနှင့် ကျပန်းစကားပြော(မြို့နယ်အဆင့်)ပြိုင်ပွဲများကို ယမန်နေ့ နံနက်(၉)နာရီက ကျောက်ပန်းတောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ပြိုင်ပွဲများကို ကျောက်ပန်းတောင်းမြို့ပေါ်ရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများ ပါဝင်ယှဉ်ပြိုင်ကြခြင်းဖြစ်ပြီး ကဗျာရွတ်ပြိုင်ပွဲကို မူလတန်းအဆင့်၊ ပုံပြောပြိုင်ပွဲများကို အလယ်တန်းအဆင့်နှင့် ကျပန်းစကားပြောပြိုင်ပွဲကို အထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူများ ပါဝင်ယှဉ်ပြိုင်ကြခြင်းဖြစ်ကြောင်း သိရသည်။ ပြိုင်ပွဲများမကျင်းပမီ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးဒေါ်မေသက်နွယ် အမှတ်ပေးစည်းမျဉ်းများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ပြိုင်ပွဲကို အခြေခံပညာဦးစီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တာဝန်ရှိသူများက ဒိုင်များအဖြစ် ကြီးကြပ်ဆောင်ရွက်ကြပြီး ပြိုင်ပွဲဝင်များ၏ ဝတ်စားဆင်ယင်မှု၊ အသံလေယူလေသိမ်း၊ ဟန်ပန်အမူအရာ။ အချက်အလက် ပြည့်စုံမှု၊ နိဂုံးချုပ်စကား၊ သတ်မှတ်အချိန်အတွင်း ပြီးစီးမှုတို့ကို အကဲဖြတ်အမှတ်ပေးရွေးချယ်ခဲ့ကြပြီး အကောင်းဆုံး ယှဉ်ပြိုင်နိုင်သူများကို ခရိုင်အဆင့်ပြိုင်ပွဲများ၌ ဆက်လက်ယှဉ်ပြိုင်ရမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ပြိုင်ပွဲများသို့ ခေတ္တမြို့နယ်ပညာရေးမှူးဒေါ်အေးအေးမော်နှင့် အကဲဖြတ်အမှတ်ပေးဒိုင် ဆရာမများ၊ ပြိုင်ပွဲဝင်ကျောင်းသား/ကျောင်းသူများနှင့် ကြီးကြပ်သူဆရာ/ဆရာမများ၊ မိဘအုပ်ထိန်းသူများ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးဒေါ်မေသက်နွယ်နှင့် ဝန်ထမ်းများ စုစုပေါင်း (၉၃)ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။
နေအောင်(ပြန်/ဆက်)