နေပြည်တော် အောက်တိုဘာ ၂၂
နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ မြို့တော်ဝန် ဦးသန်းထွန်းဦးသည် နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ ဒုတိယမြို့တော်ဝန်နှင့် သက်ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယမန်နေ့ညနေပိုင်းက ချောင်းမငယ်ဆည်ရေကို ဆင်အုံကန်မှတစ်ဆင့် တိုးချဲ့ရေပေးဝေရေးစီမံကိန်း ဆောင်ရွက်မည့်အခြေအနေအား သွားရောက်စစ်ဆေးရာ အင်ဂျင်နီယာဌာန(ရေနှင့်သန့်ရှင်းမှု)၊ ဌာနမှူးက ချောင်းမငယ်ဆည်ရေကို ဆင်အုံကန်မှတစ်ဆင့်ရယူသုံးစွဲရာ၌ ဆင်အုံကန်တွင် ပွန်တွန်းများထားရှိပြီး ရေတွန်းပန့်များ တပ်ဆင်ကာ ဓနသိဒ္ဓိရေပေးရေးဝန်းသို့ ပို့ဆောင်သန့်စင်ပြီး တစ်ရက်လျှင် ရေဂါလံ ခြောက်သန်း တိုးချဲ့ပေးဝေနိုင်မည့်အခြေအနေများကို ရှင်းလင်းတင်ပြသည်။
ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ မြို့တော်ဝန် ဦးသန်းထွန်းဦးက စီမံကိန်းလုပ်ငန်းအကောင်အထည်ဖော်ဆောင်ရွက်ခြင်းအားဖြင့် လျှပ်စစ်မီတာများကို လျော့နည်းသုံးစွဲနိုင်မည်ဖြစ်သဖြင့် ရေပေးဝေရာတွင်အကျိုးရှိစေရေး သုံးစွဲနိုင်မည့်လူဦးရေစာရင်းအား စနစ်တကျတွက်ချက် ဆောင်ရွက်ရန်၊ လက်ရှိပေးဝေနေသည့်နေရာများတွင် ရေပြတ်လပ်မှုမရှိစေရေးနှင့် ရေပိုက်များပေါက်၍ လေလွင့်ဆုံးရှုံးမှုများမရှိစေရေး အလေးထားကြပ်မတ်ဆောင်ရွက်ရန်နှင့် ရေကိုတန်ဘိုးထား ချွေတာသုံးစွဲရေးအတွက် သက်ဆိုင်ရာတာဝန်ရှိသူများမှ ပညာပေးလုပ်ငန်းများ ဆောင်ရွက်သွားရန်တို့ကို မှာကြားခဲ့ကြောင်း သိရသည်။
ထွန်းထွန်းဝင်း(ပြန်/ဆက်)