မော်လမြိုင်မြို့နယ်၌ ဟိုတယ်နှင့်ခရီးသွားကဏ္ဍလုပ်ငန်းခွင်သုံး အင်္ဂလိပ်စာသင်တန်း ဖွင့်ပွဲအခမ်းအနား ကျင်းပ

မော်လမြိုင် အောက်တိုဘာ ၂၁

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၏ လမ်းညွှန်မှုဖြင့် ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာနမှ ကြီးကြပ်၍ မြန်မာနိုင်ငံ ဟိုတယ်ဆိုင်ရာ လုပ်ငန်းရှင်များအသင်း (မော်လမြိုင်ဇုန်)တို့ ပူးပေါင်းစီစဉ် ဖွင့်လှစ်သည့် ဟိုတယ်နှင့် ခရီးသွားကဏ္ဍလုပ်ငန်းခွင်သုံး သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းက မော်လမြိုင်မြို့ SunShine Hotel ၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ်အစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး နိုင်လယိတမ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မွန်ပြည်နယ် ဟိုတယ်လုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူများ၊ ဟိုတယ်နှင့် တည်းခိုရိပ်သာအသင်းမှ တာဝန်ရှိသူများ၊ ခရီးလှည့်လည်ရေး လုပ်ငန်းရှင်များ၊ နည်းပြဆရာ/ဆရာမများ၊ သင်တန်းသူ/သားများ တက်ရောက်သည်။

ရှေးဦးစွာ အခမ်းအနားတွင် မွန်ပြည်နယ်အစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး နိုင်လယိတမက ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနအနေနှင့် ဟိုတယ်နှင့်ခရီးသွား လုပ်ငန်းဖွံ့ဖြိုးတိုးတက်လာစေရန်ရည်ရွယ်၍ နိုင်ငံတကာနှင့်ပူးပေါင်းဆောင်ရွက်မှုများ၊ ဒေသတွင်းပူးပေါင်းဆောင်ရွက်မှုများကို အရှိန်အဟုန်မြှင့်တင်၍ ဆောင်ရွက်လျက်ရှိရာ ဟိုတယ်နှင့်ခရီးသွားကဏ္ဍလုပ်ငန်းခွင်သုံး အင်္ဂလိပ်စာသင်တန်းကလည်း အရေးပါတဲ့ကဏ္ဍတစ်ခုမှာ ပါဝင်နေကြောင်း၊ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၏ ရည်ရွယ်ချက်များအနက် တစ်ချက်ဖြစ်သည့် ဟိုတယ်နှင့်ခရီးသွား လုပ်ငန်းဆိုင်ရာ အတတ်ပညာများ တိုးတက်ထွန်းကား လာစေ၍ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေရန် ရည်ရွယ်ချက်ဖြင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရေး အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေရန်နှင့် ပြည်တွင်းပြည်ပ ခရီးသည်များ လာရောက်တည်းခိုရာတွင် အရည်အချင်းပြည့်မီသည့် ဝန်ဆောင်မှုများ ပေးနိုင်စေရန်ရည်ရွယ်၍ ယခုသင်တန်းအား ဖွင့်လှစ်ရခြင်း ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးဇေယျာထွန်းမှ သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားသည်။

အဆိုပါ ဟိုတယ်နှင့်ခရီးသွားကဏ္ဍ လုပ်ငန်းခွင်သုံး အင်္ဂလိပ်စာသင်တန်းကို သင်တန်းနည်းပြ နှစ်ဦးတို့က သင်တန်းသား၊ သင်တန်းသူ (၂၅) ဦးဖြင့် အောက်တိုဘာ (၂၁) ရက်နေ့မှ နိုဝင်ဘာ (၁) ရက်နေ့အထိ ဖွင့်လှစ်သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရှိရသည်။

စည်သူ(ပြန်/ဆက်)