ညောင်ရွှေ အောက်တိုဘာ ၂၁
အင်းလေးဖောင်တော်ဦးမြတ်စွာဘုရား ရုပ်ရှင်တော်မြတ်များ ရွှေစင်၊ ရွှေပြားများ ဆက်ကပ်လှူဒါန်းခြင်းနှင့် ဗုဒ္ဓါဘိသေက ဘုရားအနေကဇာတင်တော်မူခြင်း မင်္ဂလာအခမ်းအနားကို အောက်တိုဘာလ ၂၀ ရက်နေ့ နံနက် ၉ နာရီက အင်းလေးဖောင်တော်ဦးဘုရားစံကျောင်းတော်တွင် ကျင်းပရာ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးနှင့် ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများ၊ ဘုရားဖူးပြည်သူများ တက်ရောက်ကြသည်။
ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အင်းလေးဖောင်တော်ဦး မြတ်စွာဘုရား ရုပ်ရှင်တော်မြတ်များအား ဆွမ်း၊ ပန်း၊ ရေချမ်းများ ဆက်ကပ်လှူဒါန်းပြီး ရုပ်ရှင်တော်မြတ်များကို ရွှေစင်၊ ရွှေပြားများ ဆက်ကပ်ပူဇော်မည့် ယာယီပလ္လင်ပေါ်သို့ ပင့်ဆောင်ကြသည်။
ထို့နောက် အင်းလေးဖောင်တော်ဦးမြတ်စွာဘုရားရုပ်ရှင်တော်မြတ်များကို ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ ရပ်မိရပ်ဖများ၊ ဒေသခံများ၊ ဘုရားဖူးပြည်သူများနှင့်အတူ ရွှေစင်၊ ရွှေပြားများ ဆက်ကပ်လှူဒါန်းကြပြီး မူလသီတင်းသုံးတော်မူသည့် ပလ္လင်ပေါ်သို့ ပင့်ဆောင်ကြသည်။
ယင်းနောက် အင်းလေးဖောင်တော်ဦးဘုရား ရုပ်ရှင်တော်မြတ်များအား ဗုဒ္ဓဘိသေက အနေကဇာတင်ပြီး နိုင်ငံတော်ဩဝါဒါစရိယ၊ အဘိဓဇမဟာရဌဂုရု အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တသုမင်္ဂလာဘိဝံ သမိုင်းသောက်ဆရာတော်ထံမှ ငါးပါးသီလဆောက်တည်ကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်ပြည်နယ်ဝန်ကြီးများက ဆရာတော်၊ သံဃာတော်အရှင် သူမြတ်များအားလှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းပြီး အင်းလေးဖောင်တော်ဦးဘုရား ရုပ်ရှင်တော်မြတ်ကြီးအတွက် ပြည်နယ်ဝန်ကြီးချုပ်မိသားစုနှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်ဌာနဆိုင်ရာများ၏ လှူဒါန်းငွေများကို ပြည်နယ်ဝန်ကြီးချုပ်နှင့်ပြည်နယ်ဝန်ကြီးများက ပေးအပ်လှူဒါန်းရာ အင်းလေးဖောင်တော်ဦးဘုရားဂေါပကနှင့်အဖွဲ့ဝင်များက လက်ခံရယူသည်။
ယင်းနောက် ဆရာတော် သံဃာတော်များအား ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများက နေ့ဆွမ်းဆက်ကပ်လှူဒါန်းပြီး အင်းလေးဖောင်တော်ဦးဘုရားသို့ လာရောက်ကြသည့် ဘုရားဖူး ပြည်သူများအား ရင်းရင်းနှီးနှီးလိုက်လံနုတ်ဆက်ခဲ့ကြောင်း သိရသည်။
ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် နေ့လယ် ၁၂ နာရီခွဲတွင် ညောင်ရွှေမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည့် အင်းလေးကန်ရေရှည် သန့်ရှင်းသာယာလှပရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်သည်။
အစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားရာ အင်းလေးဒေသအတွင်း ရေရရှိရေး၊ လျှပ်စစ်မီးပြန်လည်ရရှိရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် လမ်းပန်းဆက်သွယ်ရေးများ ပုံမှန်အတိုင်းအဆင်ပြေချောမွေ့စွာဖြစ်စေရေး သက်ဆိုင်ရာကဏ္ဍအလိုက် ဆောင်ရွက်သွားရန်လိုအပ်ကြောင်း၊ ရေကြီးရေလျှံမှု ဖြစ်စဉ်များကြောင့် အင်းလေးကန်အတွင်းမျှောပါနေသည့် ကျွန်းမျှောများဆယ်ယူရေး အမှိုက်သရိုက်များနှင့်ဒိုက်များကို သက်ဆိုင်ရာဌာနများမှာ တာဝန်ရှိသူများက အမြန်ဆုံးရှင်းလင်းဆောင်ရွက်သွားရန်ပြောကြားသည်။
ယင်းနောက် ပြည်နယ်အဆင့်ဌာနဆိုင်ရာများမှ တာဝန်ရှိသူများက အင်းလေးကန်ရေရှည် သန့်ရှင်းသာယာလှပရေးအတွက် ဆောင်ရွက်ထားရှိမှုများကို တင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က အင်းလေးဒေသအတွင်း သောက်သုံးရေနှင့် သုံးရေလိုအပ်ချက်အတွက် အသုံးပြုနိုင်ရန် ငွေကျပ်သိန်း(၁၀၀) ကို ပေးအပ်လှူဒါန်းရာ ညောင်ရွှေမြို့နယ် အုပ်ချုပ်ရေးမှူးနှင့် အင်းသားစာပေယဉ်ကျေးမှုနှင့်ဒေသဖွံ့ဖြိုးရေးအသင်း (ရေကြည်ရေကောင်း ရရှိရေးအဖွဲ့)မှ တာဝန်ရှိသူတို့က လက်ခံရယူသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရေကြီးရေလျှံမှုများကြုံတွေ့ခဲ့ရသည့် ညောင်ရွှေမြို့နယ်အတွင်းရှိ မြေထိန်းနံရံနိမ့်ဆင်းသွားသည့် ဖောင်တော်ဆိပ်မြေထိန်းနံရံ ပြန်လည်ပြုပြင်ရေး၊ ညောင်ရွှေမြို့၊ မင်္ဂလာဈေးတွင် ဈေးပြန်လည်ဖွင့်လှစ်ရောင်းချနေမှုကိုကြည့်ရှုစစ်ဆေးပြီး ဈေးအနီးပတ်ဝန်းကျင်ရှိ ရေမြောင်းများအတွင်း ရေစီးရေလာကောင်းမွန်အောင် ဆောင်ရွက်ရန် တာဝန်ရှိသူများအားမှာကြားပြီး ညောင်ရွှေမြို့အဝင်ရှိ သာစည်ကန်နှင့် နဒီကန်တွင် တောင်တူးစက်ဖြင့် သဲနုန်းများပြန်လည်တူးဖော်ဆယ်ထုတ်နေမှုတို့ကို လိုက်လံကြည့်ရှု၍ လိုအပ်သည်များ ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ပြည်နယ်(ပြန်/ဆက်)