နောင်မွန်းမြို့နယ်၌ မိုးရာသီဖိတ်ခေါ်ဖလားအမျိုးသားအလွတ်တန်းပိုက်ကျော်ခြင်းပြိုင်ပွဲကျင်းပ

နောင်မွန်း အောက်တိုဘာ ၂၀

ပူတာအိုခရိုင် နောင်မွန်းမြို့နယ်တွင် ကိုယ်ကာယကျန်းမာကြံ့ခိုင်လာစေရေးနှင့် ပိုက်ကျော်ခြင်းအားကစားနည်းကို ပိုမိုစိတ်ဝင်စားလာပြီး စိတ်ဓါတ်စည်းကမ်းပြည့်ဝသော အားကစားသမားကောင်းများပေါ်ထွက်လာစေရန်ရည်ရွယ်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့က ကြီးမှူးကျင်းပသော အမျိုးသားအလွတ်တန်းပိုက်‌ကျော်ခြင်းပြိုင်ပွဲဗိုလ်လုပွဲနှင့် ဆုပေးပွဲအခမ်းအနားကို ယမန်နေ့ ညနေ ၄နာရီတွင် မြို့နယ်အားကစားကွင်း၌ ကျင်းပသည်။

ရှေ့ဦးစွာ ပြိုင်ပွဲ၏ဗိုလ်လုပွဲသို့ တက်ရောက်လာသော တက်လူအသင်းနှင့် ကိုကျော်အသင်းတို့ အကြိတ်အနယ်ယှဉ်ပြိုင်ကစားခဲ့ကြပြီး တက်လူအသင်းကပွဲငယ် နှစ်ပွဲ-တစ်ပွဲဖြင့် အနိုင်ရဗိုလ်ဆွဲခဲ့သည်။ အဆိုပါပြိုင်ပွဲတွင် ပြိုင်ပွဲဝင်အသင်း ၆ သင်းကို အုပ်စုနှစ်ခုခွဲကာ အောက်တိုဘာလ ၁၈ရက်မှ စတင်ယှဉ်ပြိုင်ကစားခဲ့ကြခြင်းသည်။

ဆက်လက်၍ ဆုပေးပွဲအခမ်းအနားကိုကျင်းပရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ခေတ္တဥက္ကဋ္ဌ ဦးယုံထန်ဖုန်ရမ်က အဖွင့်အမှာစကားပြောကြားပြီး ဒိုင်အဖွဲ့အား ဂုဏ်ပြုဆုငွေ‌‌ပေးအပ်ခဲ့ကာ  ပထမဆုရရှိသော တက်လူအသင်း၊ ဒုတိယဆုရရှိသော ကိုကျော်အသင်းနှင့် တတိယဆုရရှိသော လုံလောင်အသင်းတို့အား တာဝန်ရှိသူများက ဂုဏ်ပြုဆုငွေများ အသီးသီးပေးအပ်ခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)