နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး ဇမ္ဗူသီရိမြို့နယ်အတွင်း နေပြည်တော်ကောင်စီ၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်းရန်ပုံငွေဖြင့် တည်ဆောက်နေသည့် အမှုထမ်းအိမ်ရာများနှင့် အပျိုဆောင်/ လူပျိုဆောင်များ ဆောက်လုပ်ရေး လုပ်ငန်းခွင်များ ကြည့်ရှုစစ်ဆေး

နေပြည်တော်  အောက်တိုဘာ ၂၀

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် နေပြည်တော်ကောင်စီဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ဇမ္ဗူသီရိမြို့နယ်အတွင်း နေပြည်တော်ကောင်စီ၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်းရန်ပုံငွေဖြင့် တည်ဆောက်နေသည့် အမှုထမ်းအိမ်ရာများနှင့် အပျိုဆောင်/ လူပျိုဆောင်များ ဆောက်လုပ်ရေးလုပ်ငန်းခွင်များသို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ဦးစွာ ဇမ္ဗူသီရိမြို့နယ်၊ ဘောဂသိဒ္ဓိရပ်ကွက်အတွင်း နေပြည်တော်ကောင်စီ၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်းရန်ပုံငွေဖြင့် တည်ဆောက်နေသည့် (၂၂၂ ပေ × ၄၄ ပေ) သံကူကွန်ကရစ် နှစ်ထပ်အဆောက်အဦ အပျိုဆောင်နှစ်လုံး တည်ဆောက်နေမှု အခြေအနေများနှင့် (၂၂၂ ပေ × ၄၄ ပေ) သံကူကွန်ကရစ် နှစ်ထပ်အဆောက်အဦ လူပျိုဆောင်တစ်လုံး တည်ဆောက်နေမှုအခြေအနေများ၊ ဉာဏသိဒ္ဓိရပ်ကွက်အတွင်း အမှုထမ်းအိမ်ရာ ခြောက်ခန်းတွဲလေးထပ် (2-Bed) သံကူကွန်ကရစ် အဆောက်အဦကိုးလုံး တည်ဆောက်နေမှုအခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်းတင်ပြကြပြီး နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက ရေရှည်ခိုင်ခံ့ရေး၊ အရည်အသွေးကောင်းမွန်ရေး၊ သတ်မှတ်စံချိန်စံညွှန်းပြည့်မီရေး၊ သတ်မှတ်ကာလအတွင်း ပြီးစီးရေးတို့ကို အလေးထားဆောင်ရွက်ရမှာဖြစ်ကြောင်းနှင့် လိုအပ်သည်များကို တာဝန်ရှိသူများအား မှာကြားသည်။

ယင်းနောက် ဇမ္ဗူသီရိမြို့နယ်၊ သုခသိဒ္ဓိရပ်ကွက်၊ သုခတော်ဝင်အိမ်ရာစီမံကိန်း အပိုင်း (၂) တည်ဆောက်ရေး လုပ်ငန်းဆောင်ရွက်နေမှုကို သွားရောက်ကြည်ရှုစစ်ဆေးရာ တာဝန်ရှိသူများ လုပ်ငန်းများဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းတင်ပြကြပြီး နေပြည်တော်ကောင်စီဥက္ကဋ္ဌက လုပ်ငန်းများဆောင်ရွက်ရာတွင် သတ်မှတ်စံချိန်စံညွှန်းပြည့်မီရေး၊ သတ်မှတ်ကာလအတွင်း ပြီးစီးရေးနှင့် လိုအပ်သည်များ မှာကြားသည်။

ထို့နောက် နေပြည်တော်ကောင်စီရုံးဝန်းအတွင်း နေပြည်တော်ကောင်စီ၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်းရန်ပုံငွေဖြင့် တည်ဆောက်နေသည့် အမှုထမ်းအိမ်ရာ ခြောက်ခန်းတွဲလေးထပ် သံကူကွန်ကရစ်အဆောက်အဦတစ်လုံး တည်ဆောက်နေမှု အခြေအနေများနှင့် (၂၂ ပေ × ၄၄ ပေ) သံကူကွန်ကရစ် နှစ်ထပ်အဆောက်အဦ အပျိုဆောင်တစ်လုံး တည်ဆောက်နေမှု အခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများအား မှာကြားခဲ့ကြောင်း သိရသည်။

ထွန်းထွန်းဝင်း(ပြန်/ဆက်)