ကျောက်ဆည်မြို့နယ် ဒွေးလှကျေးရွာတွင် ရေဆင်းစပ်မျိုး (၁) မိုးနှောင်းနေကြာ စံကွက်စိုက်ပျိုးရန် မြေပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်

ကျောက်ဆည် အောက်တိုဘာ၂၀

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် ဒေသအတွင်း စားသုံးဆီ ဖူလုံပိုလျှံရေးအတွက် ဆီထွက်သီးနှံများ တိုးချဲ့စိုက်ပျိုးလျက်ရှိကြောင်းနှင့် မြို့နယ်သမဝါယမဦးစီးဌာနမှ ဒွေးလှကျေးရွာသမဝါယမအသင်းသား ဦးနေဝင်း၏ ကွင်းအမှတ် (၃၃၇)၊ ဦးပိုင် (၁၄၅)၊ ယာမြေ (၂) ဧကတွင် ရေဆင်းစပ်မျိုး (၁) မိုးနှောင်းနေကြာစံကွက် စိုက်ပျိုးရန် မြေပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ကျောက်ဆည်မြို့နယ် သမဝါယမဦးစီးဌာနအနေဖြင့် ဆီထွက်သီးနှံစိုက်ပျိုးထုတ်လုပ်သည့် တောင်သူများ လူမှုစီးပွားအဆင်ပြေစေရေး ရေဆင်းစပ်မျိုး(၁)မျိုးများကို  မြို့နယ်အတွင်းရှိ ကျေးရွာ (၆၄) ရွာ၊ သမဝါယမအသင်း (၆၄) သင်းမှ အသင်းသား (၂၃၅၉) ဦး၏ ယာမြေ (၈၈၇၂) ဧက စိုက်ပျိုးရန်အတွက် ရေဆင်းစပ်မျိုး (၁) မိုးနှောင်းနေကြာမျိုးများကို ရာသီပေါ်ပေးစနစ်ဖြင့် နေကြာမျိုးစေ့များ ဖြန့်ဝေပေးလျက်ရှိကြောင်း သိရသည်။

ကျောက်ဆည်မြို့နယ်အနေဖြင့် မိုးနှောင်းနေကြာသီးနှံများ စိုက်ခင်းများစိုက်ပျိုးရာတွင် အောင်မြင်ဖြစ်ထွန်းရေး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများက တောင်သူများနှင့် ပူးပေါင်းပြီး နည်းပညာများစနစ်တကျ ကူညီပေးလျက်ရှိပြီး အထွက်နှုန်းသေချာစေရန်အတွက် အပင်ကြားတန်းကြား (၁၅) လက်မခန့်အကွာ စိုက်ပျိုးစေခြင်းများ ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

သက်မောင်(ကျောက်ဆည်)