မောက်မယ် အောက်တိုဘာ ၂၀
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်အတွင်းရှိ ဘုန်းတော်ကြီး ကျောင်းများအားလုံးကို ရပ်ကွက်/ ကျေးရွာများမှ စုပေါင်း၍ သီတင်းကျွတ်လပြည့်ကျော် ၁ ရက်နေ့မှ စတင်ပြီး သီတင်းကျွတ်လကွယ်နေ့အထိ တစ်ကျောင်းပြီးတစ်ကျောင်း ရပ်ကွက်/ ကျေးရွာများအလိုက် ဘုန်းကြီးကျောင်းများအား လိုက်လံကန်တော့သည့် အစဉ်အလာသည် ယနေ့အထိ ရှမ်းရိုးရာဓလေ့မပျက် လှည့်လည်ကန်တော့ကြကြောင်း သိရသည်။
ထိုကဲ့သို့ ဘုန်းတော်ကြီးကျောင်းများအား လိုက်လံကန်တော့ရာတွင် ရပ်ကွက်အလိုက်/ ကျေးရွာများအလိုက် ယနေ့တွင် နမ့်လွတ်ကျေးရွာအုပ်စုမှ စျေးတန်းရပ်ကွက်အတွင်းရှိ ပရိယတ္တိပါဒက သာသနာ့စာသင်တိုက်ဘုန်းတော်ကြီးကျောင်း၊ သထုံကျောင်းနှင့် မြို့ဦးကျောင်းသို့ စုပေါင်း၍ ကား၊ ထော်လာဂျီ၊ ဆိုင်ကယ်များတို့ဖြင့် အိုးစည်ဗုံမောင်းများ တီးခတ်၍ လာရောက်ကန်တော့ကြပြီး မိမိတို့ စိတ်စေတနာသဒ္ဒါတရားထက်သန်သည့်အပေါ် မူတည်၍ ဒေသထွက်အသီးအနှံများနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများအစုစုတို့ ထည့်ဝင်ဆင်ယင်လှူဒါန်းကြပြီး မြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများသို့ စည်ကားသိုက်မြိုက်စွာ တစ်ကျောင်းဝင်တစ်ကျောင်းထွက် ကျောင်းပေါင်းစုံ လိုက်လံလှည့်လည်ကန်တော့ပွဲများ ကျင်းပလေ့ရှိသည့် ရှမ်းရိုးရာဗုဒ္ဓဘာသာယဉ်ကျေးမှု ထုံးတမ်းဓလေ့ဖြစ်ပြီး ယနေ့ထက်တိုင် အစဉ်အလာမပျက် ထိန်းသိမ်းပြီးမြတ်နိုးစွာ ကျင်းပလေ့ရှိကြောင်း သိရသည်။
စိုင်းမျိုးသန့်(မောက်မယ်)