ကချင်ပြည်နယ်ဝန်ကြီးချုပ် ရှမ်းတိုင်းရင်းသားမျိုးနွယ်စုများ အမျိုးသားဖူဆယ်ဘောလုံးပြိုင်ပွဲအား တက်ရောက်ဖွင့်လှစ်ပေး၊ သီတင်းကျွတ်လပြည့်ကျော် (၁) ရက် အများပြည်သူအပန်းဖြေနေရာများတွင် ပြည်သူများလွတ်လပ်ပျော်ရွှင်စွာဖြင့် စည်ကားနေမှုအား လိုက်လံကြည့်ရှုအားပေး

မြစ်ကြီးနား အောက်တိုဘာ ၂၀

ကချင်ပြည်နယ်အတွင်းရှိ တိုင်းလိုင်၊ တိုင်းလုံ၊ တိုင်းခမ်းတီ၊ တိုင်းဆာ၊ တိုင်းလေ စသည့် ရှမ်းတိုင်းရင်းသားမျိုးနွယ်စုများ၏ ၂၀၂၄ ခုနှစ်၊ တတိယအကြိမ်မြောက် ရှမ်းမျိုးနွယ်စုများ ဖိတ်ခေါ်ဖလား အမျိုးသားဖူဆယ်ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို မြစ်ကြီးနားမြို့ စီတာပူရပ်ကွက်အတွင်းရှိ နောင်ရာဖူဆယ်ကလပ်၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများ တက်ရောက်အားပေးခဲ့ကြသည်။

ရှေးဦးစွာ ဖူဆယ်ဘောလုံးပြိုင်ပွဲကို ရှမ်းတိုင်းရင်းမျိုးနွယ်စုများက ရှမ်းရိုးရာတေးသီချင်းအကများဖြင့် သီဆိုဖျော်ဖြေတင်ဆက်ဖွင့်လှစ်ကြပြီး ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများက ရှမ်းမျိုးနွယ်စုများ အမျိုးသားဖူဆယ်ဘောလုံးပြိုင်ပွဲဝင် မြစ်ကြီးနားနှင့် ဝိုင်းမော်မြို့နယ်များမှ ဖူဆယ်ဘောလုံးအသင်း (၁၀) သင်းမှ အားကစားသမားများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်အားပေးကာ ပြိုင်ပွဲအတွက် ချီးမြှင့်ငွေကျပ်သိန်း (၃၀) ကို ရှမ်းမျိုးနွယ်စုဥက္ကဋ္ဌထံလည်းကောင်း၊ ပြည်နယ်လူမှုရေးရာဝန်ကြီးက အားကစားပစ္စည်းများကို ပြိုင်ပွဲကျင်းပရေးကော်မတီထံလည်းကောင်း အသီးသီးထောက်ပံ့ပေးအပ်ရာ ရှမ်းတိုင်းရင်းသားရိုးရာအကဖြင့် ဖျော်ဖြေတင်ဆက်မှုကို ကြည့်ရှုအားပေးခဲ့ကြသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်က ရှမ်းတိုင်းရင်းသားမျိုးနွယ်စု ဖိတ်ခေါ်ဖလား ဖူဆယ်ဘောလုံးပြိုင်ပွဲအတွက် ကွင်းအတွင်း ဘောလုံးကန်သွင်းဖွင့်လှစ်ပေးပြီး အဖွင့်ပွဲစဉ်အဖြစ် မိုင်းနား (က)အသင်းနှင့် နောင်ခမ်း (က) အသင်းတို့၏ ယှဉ်ပြိုင်ကစားမှုကို ကြည့်ရှုအားပေးခဲ့ကြသည်။

ထို့အတူ ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီးဒေါ်နန်ဆိုင်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီး ချုပ်နှင့်ဇနီး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ၎င်းတို့၏ ဇနီးများသည် သီတင်းကျွတ်လပြည့်ကျော် (၁) ရက်နေ့ (သီတင်းကျွတ်ရုံးပိတ်ရက်) ညနေ ၆ နာရီတွင် ပြည်သူများ လွတ်လပ်ပျော်ရွှင်စွာ လှည့်လည်သွားလာ၍ အနားယူအပန်းဖြေလျက်ရှိသည့် စိမ်းမြဧရာပန်းခြံအတွင်း အပန်းဖြေအနားယူသူများ၊ ကလေးကစားကွင်းများအတွင်း မိဘပြည်သူအများအပြားဖြင့် စည်ကားလျက်ရှိသည့် အခြေအနေများကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြကာ ပြည်သူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်အားပေးခဲ့ကြသည်။

ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် မင်းရပ်ရပ်ကွက်၊ ဧရာဝတီမြစ်ကမ်းဘေးရှိ ပြည်သူ့ရင်ပြင်နှင့် ဧရာဦးပန်းခြံအတွင်း သီတင်းကျွတ်ပွဲတော်အထိမ်းအမှတ် အများပြည်သူများ လွတ်လပ်ပျော်ရွှင်စွာ အနားယူအပန်းဖြေနိုင်ရေးအတွက် ရောင်စုံစလိုက်မီးများ အလှဆင်ထားပြီး ဒေသခံတိုင်းရင်းသားအဆိုတော်များ၏ စင်တင်တေးဂီတဖျော်ဖြေမှုအစီအစဉ်များဖြင့် ယခင်နှစ်များနှင့်မတူ အထူးစည်ကားများပြားနေမှုကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြပြီး ပြည်နယ်အဆင့်ဌာနဆိုင်ရာများက စတုဒီသာမဏ္ဍပ်များ ဖွင့်လှစ်၍ ဧည့်ခံကျွေးမွေးမှုကို ပြည်သူများအား လိုက်လံဖြန့်ဝေကျွေးမွေးခဲ့ကြကြောင်း သိရသည်။

ပြည်နယ်(ပြန်/ဆက်)