နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး ဇမ္ဗူသီရိမြို့နယ်နှင့် ဒက္ခိဏသီရိမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေး

နေပြည်တော်  အောက်တိုဘာ ၁၉

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် နေပြည်တော်ကောင်စီဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ဇမ္ဗူသီရိမြို့နယ်နှင့် ဒက္ခိဏသီရိမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။

ဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့်အဖွဲ့သည် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် နေပြည်တော်ကောင်စီဒေသဖွံ့ဖြိုးရေးရန်ပုံငွေဖြင့် ဆောင်ရွက်နေသည့် ဇမ္ဗူသီရိမြို့နယ်၊ ရွှေကြာပင် ရပ်ကွက်၊ မေယုလမ်း မြေသားပြုပြင်ခြင်းနှင့် ကွန်ကရစ်ခင်းခြင်း (အရှည် ၂၀၀၀ ပေ၊ အကျယ် ၁၈ ပေ၊ ထု ၈ လက်မ) လုပ်ငန်းစတင်ဆောင်ရွက်နေမှု အခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ကြည့်ရှုစစ်ဆေးရာတွင် တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းတင်ပြကြရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက လမ်းရေရှည်ခိုင်ခံစေရေး၊ သတ်မှတ်စံချိန်စံညွှန်းပြည့်မီစေရး၊ အချိန်မီးပြီးစီးစေရေး၊ လမ်းပုခုံးသားများကို စနစ်တကျဆောင်ရွက်ရေး၊ လမ်းဘေးရေမြောင်းများ ရေစီးရေလာကောင်းမွန်စေရေးတို့ကို အလေးထားဆောင်ရွက်ရမှာဖြစ်ကြောင်း မှာကြားပြီး လိုအပ်သည်များကို ပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့်အဖွဲ့သည် ဒက္ခိဏသီရိမြို့နယ်၊ ဒက္ခိဏသီရိရပ်ကွက်အတွင်းရှိ အိလက်ရာ အသင့်စာဖွယ် စားသောက်ကုန်အမျိုးမျိုး ထုတ်လုပ်ဖြန့်ချီရေး လုပ်ငန်းသို့သွားရောက်၍ လုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက လုပ်ငန်းများဆောင်ရွက်နေမှုအခြေအနေများ၊ ထုတ်လုပ်ဖြန့်ဖြူးရောင်းချမှု အခြေအနေများကို ရှင်းလင်းတင်ပြပြီး နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက ဒေသထွက်ကုန်းကြမ်းများကို အဆင့်မြင့်ထုတ်ကုန်ဆောင်ရွက်ပြီး ဒေသတွင်းသာမက ပြည်ပနိုင်ငံများသို့ တင်ပို့ရောင်းချနိုင်ရေးကို ဆောင်ရွက်စေလိုကြောင်း မှာကြားပြီး လိုအပ်သည်များကို ပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။

ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့်အဖွဲ့သည် ဒက္ခိဏသီရိမြို့နယ်၊ ရွှေအင်ကြင်းရပ်ကွက်အတွင်းရှိ ဒေသထွက်ကုန်ကြမ်းမှ အဆင့်မြင့်စားသုံးဆီ ထုတ်လုပ်မှုလုပ်ငန်း ဆောင်ရွက်နေသည့် လင်းစိန်ဆီစက်နှင့် ဆီထုတ်ပိုးမှုလုပ်ငန်းသို့ရောက်ရှိပြီး ဆီစက်လုပ်ငန်း လည်ပတ်နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက ကုန်ကြမ်းရယူမှု အခြေအနေများ၊ ကုန်ချောထုတ်လုပ်မှုလုပ်ငန်းစဉ်များ၊ ဖြန့်ဖြူးရောင်းချနေမှု အခြေအနေများနှင့် လုပ်ငန်းလည်ပတ်နေမှုအခြေအနေများကို လိုက်လံပြသ ရှင်းလင်းတင်ပြသည်။

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး ဒေသမှထွက်ရှိသည့် ကုန်းကြမ်းများကို အဆင့်မြင့်ထုတ်ကုန်ဆောင်ရွက်ပြီး ဒေသတွင်းသာမက ပြည်ပနိုင်ငံများသို့ တင်ပို့ရောင်းချနိုင်ရေး၊ နေပြည်တော်အတွင်း အလားတူလုပ်ငန်းများကို တွင်ကျယ်စွာဆောင်ရွက်ရေးကို အားပေးဆောင်ရွက်ရမှာဖြစ်ကြောင်း၊ ပြည်တွင်း၌ စားသုံးဆီဖူလုံမှသာ ပြည်ပမှတင်သွင်းမှု လျောနည်းလာမှာဖြစ်ကြောင်း၊ ပြည်ပသွင်းကုန် အစားထိုးလုပ်ငန်းများကို အလေးထားဆောင်ရွက်စေလိုကြောင်းမှာကြားပြီး  လိုအပ်သည်များကို ပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။

ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့်အဖွဲ့သည် ဒက္ခိဏသီရိမြို့နယ်၊ ဒက္ခိဏသီရိရပ်ကွက်အတွင်းရှိ ကျီးသဲလေးထပ်ပညာရေးစင်တာကျောင်းတိုက် ပဓာနနာယကဆရာတော် မဟာဂန္ထဝါစကပဏ္ဍိတ၊ သာသနဓဇဓမ္မစရိယ ဒေါက်တာ အရှင်စန္ဒာဝရအား သွားရောက် ဖူးမြော်ကြည်ညိုပြီး ဆွမ်းဆန်တော်၊ ဆီ၊ လှူဖွယ်ဝတ္ထုပစ္စည်းများနှင့် နဝကမ္မအလှူတော်ငွေများ ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။

ထွန်းထွန်းဝင်း(ပြန်/ဆက်)