မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် မကွေးမြို့ မြသလွန်စေတီတော်မြတ်ကြီး၏ (၂၅၈၈) ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်အထိမ်းအမှတ် ဆွမ်းဆန်စိမ်းလောင်းလှူပူဇော်ပွဲ အခမ်းအနားသို့ တက်ရောက်

မကွေး အောက်တိုဘာ ၁၉

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသော မကွေးမြို့ မြသလွန်စေတီတော်မြတ်ကြီး၏ (၂၅၈၈)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်အထိမ်းအမှတ်အဖြစ် နှစ်စဉ်ကျင်းပမြဲဖြစ်သည့် ဆွမ်းဆန်စိမ်းလောင်းလှူပူဇော်ပွဲ အခမ်းအနားကို ယနေ့နံနက် ၇ နာရီအချိန်က မြသလွန်စေတီတော်ရင်ပြင်၌ ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်၊ အနောက်ပိုင်းလေတပ်ကွပ်ကဲမှုဌာနချုပ်မှူး ဗိုလ်ချုပ် သိန်းထွန်းဦး၊ မကွေးလေတပ်စခန်း ဌာနချုပ်မှူး ဗိုလ်မှူးကြီး သန်းနိုင်ညွန့်၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ မကွေးတပ်နယ်မှ တာဝန်ရှိသူများနှင့် ဌာနဆိုင်ရာ တာဝန်ရှိအကြီးအကဲများနှင့် ဝန်ထမ်းများ၊ စေတနာရှင် အလှူရှင်များ၊ ဘုရားဖူးပြည်သူများ တက်ရောက်ခဲ့ကြသည်။

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူး၍ မြသလွန်စေတီတော်မြတ်ကြီး၏ (၂၅၈၈) ကြိမ်မြောက် ဘုရားပွဲတော်ကာလအတွင်း သီတင်းကျွတ်လပြည့်နေ့တွင် ဆီမီး (၉၀၀၀) ထွန်းညှိပူဇော်ခြင်းကို ကျင်းပဆောင်ရွက်ခဲ့ပြီး၊ ဆွမ်းဆန်စိမ်းလောင်းလှူပူဇော်ပွဲကို ယနေ့နံနက်ပိုင်းက ကျင်းပရာ လောင်းလှူရာတွင် မကွေးမြို့ပေါ်ရှိ စာသင်တိုက်ကျောင်းများနှင့် ဘုန်းတော်ကြီးကျောင်းများမှ ပင့်သံဃာဆရာတော်ကြီးများနှင့် သီလရှင် ဆရာကြီး/ဆရာလေး (၁၂၁) ပါးတို့အား ဆွမ်းဆန် တော်၊ ဆီ၊ ဆေးဝါးများနှင့် လှူဖွယ်ဝတ္ထုပစ္စည်းမျိုးစုံတို့ကို မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်၊ အနောက်ပိုင်းလေတပ်ကွပ်ကဲမှုဌာနချုပ်မှူး၊ မကွေးလေတပ် စခန်းဌာနချုပ်မှူး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ ကြီးတရားသူကြီးချုပ်၊ တိုင်းဒေသကြီးဥပဒေချုပ်၊ မကွေးတပ်နယ်မှ တာဝန်ရှိသူများ၊ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများက ဆွမ်းဆန်စိမ်း ဆက်ကပ်လောင်းလှူပူဇော်ခဲ့ကြသည်။

မကွေးမြို့တွင် မြသလွန်စေတီတော်မြတ်ကြီး ဘုရားပွဲတော်ကို နှစ်စဉ်နှစ်တိုင်း သီတင်းကျွတ်လဆန်းပိုင်းမှ သီတင်းကျွတ်လပြည်ကျော်အထိ ဒေသစုံမှ လာရောက်သည့် ဈေးရောင်း၊ ဈေးဝယ်များ၊ အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးလာပြည်သူများနှင့် စည်ကားသိုက်မြိုက်စွာဖြင့် ၂၀၁၉ ခုနှစ်ထိ အစဉ်အလာမပျက် ကျင်းပခဲ့ပြီး၊ ကိုဗစ်-၁၉ ရောဂါကြောင့် ရပ်နားထားရာမှ ယခင်နှစ် (၂၅၈၇) ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်၊ မြသလွန်ဘုရားပွဲတော်ကို စည်ကားသိုက်မြိုက်စွာဖြင့် ပြန်လည်ကျင်းပခဲ့ပြီး၊ ယခုနှစ် မကွေးမြို့ မြသလွန်စေတီတော်မြတ်ကြီး၏ (၂၅၈၈) ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်ကို ယခင်နှစ်များနည်းတူ သံဃာတော်များပင့်ဖိတ်၍ ဆွမ်းနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခြင်း၊ အသံမစဲမဟာပဋ္ဌာန်းကျမ်းတော်မြတ် ရွက်ဖတ်ပူဇော်ခြင်း၊ ဆီမီး (၉၀၀၀)၊ ပန်း (၉၀၀၀)၊ နံ့သာ (၉၀၀၀) ထွန်းညှိကပ်လှူပူဇော်ခြင်းနှင့် ဆွမ်းဆန်တော် လောင်းလှူပူဇော်ပွဲများ ကျင်းပဆောင်ရွက်လျက်ရှိကြောင်းနှင့် မကွေးမြို့ မြသလွန်စေတီတော်မြတ်ကြီး၏ (၂၅၈၈) ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်ကြီးအား အစဉ် အလာမပျက်  ၁၃၈၆ ခုနှစ် သီတင်းကျွတ်လဆန်း ၁၀ ရက်မှ သီတင်းကျွတ်လပြည့်ကျော် ၁၄ ရက်နေ့ထိ (၁၂-၁၀-၂၀၂၄) မှ (၃၁-၁၁-၂၀၂၄) ရက်နေ့အထိ (၂၀) ရက်တိုင်တိုင် စည်ကားသိုက်မြိုက်စွာ ကျင်းပဆောင်ရွက်လျက်ရှိကြောင်း သိရသည်။   

မောင်ညီညာ